Home သတင်း ဘီးလင်း ကြသောင်းရွာ စာသင်ကျောင်းကို စစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ဘီးလင်း ကြသောင်းရွာ စာသင်ကျောင်းကို စစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာကို စစ်ကော်မရှင်တပ်က လေယောဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်က ဘီးလင်းမြို့နယ်၊ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် စစ်ကော်မရှင်တပ်က Jet fighter ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြသောင်းဆိပ်ကျေးရွာ အနောက်ပိုင်းရှိ စာသင်ကျောင်းအဆောက်အဦး ၃ လုံး၊ ဝန်ထမ်း အိမ်ရာ ၁ လုံး၊ နေအိမ် ၂ လုံးနှင့် ကျေးရွာအရှေ့ပိုင်းရှိ စာသင်ကျောင်း အဆောက်အဦး ၂ လုံးအပါအဝင် လူနေအိမ် ၃၆ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

ထို့အပြင် ည ၁၁ နာရီ ၄၄ မိနစ် အချိန်ခန့်တွင်လည်း ကတိုင်ဒိရှိ စစ်တပ်မှ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာအနောက်ခြမ်းသို့ ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူလူထုပိုင် လုပ်ငန်းခွင်များနှင့် စိုက်ပျိုးခြံများ ထိခိုက်ပျက်စီးခဲ့ရသည်။

“ရွာအနောက်ပိုင်းနဲ့ အရှေ့ပိုင်းကို စစ်တပ်က ဗုံးကြဲသွားတာ။ စာသင်ကျောင်းရှိတဲ့နေရာတွေဖြစ်တယ်။ စာသင်ကျောင်းတွေ ထိတယ်။ နေအိမ်တွေလည်း ထိတယ်” ဟု ဒေသတွင်းသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်သေဆုံးမှု မရှိဘူးလို့လည်း သိရသည်။

စစ်တပ် လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကြသောင်းဆိပ်ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်အတွင်းရှိ ကျေးရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးလို့လည်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲရှိ ကျေးရွာများကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက KNU၊ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ဇီးပြောင်းကျေးရွာ ဘောလုံးကွင်းနေရာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး တစ်ဦး သေဆုံးကာ၊ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

စစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်ခြင်း မရှိပဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများသို့ လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း သော်လည်းကောင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက် ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

Enable Notifications OK No thanks