Home သတင်း ထိုင်းကုန်ပစ္စည်း စစ်ဆေးမှုအကြောင်းပြ၍ မော်လမြိုင်-ရန်ကုန်လမ်းပေါ်ရှိ ခရီးသည်နှင့် ကုန်သည်များကို ဖမ်းဆီးစစ်ဆေး

ထိုင်းကုန်ပစ္စည်း စစ်ဆေးမှုအကြောင်းပြ၍ မော်လမြိုင်-ရန်ကုန်လမ်းပေါ်ရှိ ခရီးသည်နှင့် ကုန်သည်များကို ဖမ်းဆီးစစ်ဆေး

ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးစစ်ဆေးမှု အကြောင်းပြ၍ အိမ်စီးကား၊ အလည်အပတ်လာရောက်သူများနှင့် တစ်နိုင်တစ်ပိုင်ကုန်သည်များမကျန် မော်လမြိုင်–ရန်ကုန်ကားလမ်းတစ်လျှောက် ဖမ်းဆီးစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ခရီးသည်နှင့် ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာလဆန်းပိုင်းကစပြီး မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်းနှင့် မော်လမြိုင်-ကျိုက်မရောလမ်းပိုင်းတို့တွင် စစ်ကော်မရှင်နယ်လုံအဖွဲ့ရဲနှင့် ယာဉ်ထိန်းရဲတို့ ပူးပေါင်းပြီး ဖမ်းဆီးစစ်ဆေးမှု တစ်ဖန်စတင်ခဲ့သည်။

ဘီးလင်းနှင့် စစ်တောင်းရှိ နယ်လုံဂိတ်များတွင် ခရီးသည်ပစ္စည်းများပင် မကျန် သိမ်းဆည်းဆွဲချခံနေရပြီး ပြန်လည်ရရှိခြင်းမရှိဟု ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။

“အရင်ကထက် တော်တော်စစ်လာတယ်။ ကုန်တင်ယာဉ်ကြီးတွေဆို ပစ္စည်းရော ကားရောသိမ်းပြီး လူကို ထောင်ချလိုက်တာလည်းရှိတယ်။ အချို့ကျတော့ ပစ္စည်းပြန်ရဖို့ ကျပ်သိန်းရာချီပေးရတာလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

လမ်းပိုင်းတစ်လျှောက် ဂိတ်များ၌ ထိုင်းကုန်စည်များကို များစွာသိမ်းဆည်းရမိထားကြောင်း ဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်နေရသည်ဟု ကုန်တင်ယာဉ်မောင်းများနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းသည် ကျန်းမာရေးကိစ္စဖြင့် ခရီးသွားလာသူများအတွက် အခက်တွေ့စေကြောင်းလည်း ခရီးသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပစ္စည်းတွေစစ်တာက ကားသမားတွေရဲ့ ကိစ္စလိုပဲ ထင်ရပေမယ့် အဲဒီကားလမ်းကို စီးလာတဲ့ ခရီးသည်တွေအတွက်တော့ အချိန်ကုန်တယ်လေ၊ ပြီးတော့ အချို့က အရေးပေါ်အခြေအနေမဟုတ်ပေမယ့် သာမန်ထက်နေမကောင်းတဲ့သူတွေဆိုလည်း အတော်ပင်ပန်းတယ်။ ဆေးခန်းမမီတာတွေလည်း ရှိတယ်” ဟု ပြောသည်။

ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်ပါက မည်သည့်ကုန်စည်များကို အခြေခံပြီး စစ်ဆေးဖမ်းဆီးနေသည် ဆိုသည့်အပြင် ကိုယ်ပိုင်အိမ်သုံးပစ္စည်းနှင့် ကုန်သွယ်ရန်သယ်ဆောင်လာသည့် ပစ္စည်းများကို ခွဲခြားသတ်မှတ်ပေးသင့်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။

မော်လမြိုင်-ရန်ကုန်ပြည်ထောင်စုလမ်းပိုင်းသည် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းက ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းတင်ပို့သူများ အဓိက အသုံးပြုနေသည့်လမ်းဖြစ်ပြီး နေ့စဉ်ယာဉ်စီးရေ ထောင်နှင့်ချီသွားလာနေကြောင်းလည်း သိရသည်။

Enable Notifications OK No thanks