မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ဒေတမော့ဗရတ် ကိုရင်လေးဆရာတော်ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ စတုတ္ထမြောက်အကြီးဆုံး ကြေးခေါင်းဆောင်ကို သွန်းလုပ်ရန် ကြေးထည်ပစ္စည်းများ လိုအပ်နေဆဲဖြစ်သည်ဟု ကိုရင်လေးဆရာတော်နှင့် နီးစပ်သည့် တပည့်ဒါယကာများက IMNA သို့ ပြောသည်။
ကိုရင်လေးသာသနာပြုနယ်မြေအတွင်း ပုပ္ဖရမ္မ ဓမ္မရာဇိကစေတီ၊ဇေတဝန်ကျောင်းတော်နှင့် စေတီအဆူပေါင်း ၁၅၀၀ ကျော်ပါရှိသည့် ပဋိကတ်ကျောက်စာတိုက်ကြီးကို တည်ဆောက်အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် ကြေးခေါင်းဆောင်ကို သွန်းလုပ်ရန် စီစဉ်နေသည်။
အဆိုပါ ကြေးခေါင်းဆောင်ကို “ရာမည အတုလ ဓမ္မရာဇိက” ဟု ဘွဲ့အမည်ပေးထားပြီး အလေးချိန် ၂၅ တန် (ပိသာချိန် ၁၅,၃၀၀) ခန့်ရှိပြီး အမြင့် ၁၈ ပေနှင့် အကျယ် ၉ ပေ ပမာဏဖြင့် သွန်းလုပ်သွားမည်ဟု သိရသည်။
လက်ရှိတွင် ကြေးခေါင်းဆောင်သွန်းလုပ်ရန် ကြေးထည်ပစ္စည်းများကို ရပ်နီး၊ ရပ်ဝေး ဒေသခံများက လာရောက်လှုဒါန်းနေသော်လည်း တန်ချိန်အနည်းငယ်သာ ရရှိသေးသည်ဟု ကျိုက်ဒေတမော့ဗရတ် ဒါယကာတစ်ဦးက ပြောသည်။

“လောလောဆယ် ကြေးကတော့ နည်းနေသေးတယ်။ ကြေးထည်ဝယ်ဖို့ ပါမစ်လျှောက်ရ အုံးမယ်လို့ ဆရာတော်က မိန့်ထားတယ်။ ပြီးတော့ အခုခေတ်လည်း ကြေးထည်တွေ ဝယ်ရခက်တယ်လေ။ အခု ကြေးထည်မျိုးစုံကို ဒါယကာတွေ လာရောက်လှူဒါန်းနေကြပေမဲ့ အရည်ကျိုးပြီရင် ၂ တန်လောက်တောင် အလေးချိန်မရဘူးလို့ ဆရာတော်က မိန့်ထားတယ်။ သွန်းမယ့် အချိန်ကိုတော့ ဆရာတော်က မမိန့်ကြားရသေးဘူး။” ဟု အထက်ပါ ဒါယကာက ပြောသည်။
လာရောက်လှူဒါန်းထားသည့် ကြေးထည်ပစ္စည်များတွင် ရှေးဟောင်းလက်ရာ ကြေးထည်များ ပါဝင်နိုင်သဖြင့် အားလုံးကို မသွန်းလုပ်သင့်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
အဆိုပါ ပြောဆိုဝေဖန်မှုအပေါ် စိုးရိမ်းပူပင်စရာမလိုကြောင်းနှင့် ရှေးဟောင်းကြေးထည်များကို မသွန်းမိစေရန် ကြေးထည်များစီစစ်ရေးဂေါပကအဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီး လာရောက်လှူဒါန်းထားသည့် ကြေးထည်ပစ္စည်းများကို စနစ်တကျ စီစစ်ပေးနေကြောင်း ဆရာတော်က မိန့်ကြားထားသည်ဟု ၎င်းက ဆက်ပြောသည်။
ယခုသွန်းလုပ်မည့် ကြေးခေါင်းလောင် ပြီးစီးပါက မွန်ပြည်နယ်၏ အကြီးဆုံးခေါင်းလောင်းဖြစ်လာနိုင်သလို မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးကြေးခေါင်းလောင်းလည်း ဖြစ်ပြီး ကျိုက်ဒေတမော့ဗရတ် ကိုရင်လေးဆရာတော်သာသနာပြုနယ်မြေတွင် ချိတ်ဆွဲသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ကြေးခေါင်းလောင်က မင်းကွန်းခေါင်းဆောင်ကြီးဖြစ်ပြီး ပိဿချိန် ၅၅,၅၅၅ ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသည်။ ဒုတိယအကြီးဆုံးက သာယာဝတီမင်း ခေါင်းလောင်း ဖြစ်ပြီး ပိဿချိန် ၂၆,၀၀၀ ရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသည်။
ထိုနောက် တတိယအကြီးဆုံး ကြေးခေါင်းဆောင်က သီရိသုမန ခေါင်းလောင်တော်ဖြစ်ပြီး ပိဿချိန် ၁၆,၀၀၀ ကျော်ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိကြောင်း သိရသည်။




