Homeသတင်းထိုင်းရောက် မွန်အသိုင်းအဝိုင်းထံ အကြံပြုချက်နှင့် ပူးပေါင်းကူညီမှုရရှိရန် NMSP-AD စည်းရုံးလှုံ့ဆော်

ထိုင်းရောက် မွန်အသိုင်းအဝိုင်းထံ အကြံပြုချက်နှင့် ပူးပေါင်းကူညီမှုရရှိရန် NMSP-AD စည်းရုံးလှုံ့ဆော်

-

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့် ပူးပေါင်းကူညီမှုများ ရရှိနိုင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ ထိုင်းနိုင်ငံရောက် မွန်လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များ၊ လူထုများနှင့် ဆက်တိုက်တွေ့ဆုံကာ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယနေ့နိုင်ငံရေးနှင့် တော်လှန်ရေးအခြေအနေများ၊ NMSP-AD ၏ လုပ်ငန်းဆောင်တာများ၊ ရာမညမွန်တပ်တော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် အခက်အခဲများကို ထိုင်းရောက်မွန်လူထုများနှင့် တိုက်ရိုက်ရှင်းလင်းပြောကြားနိုင်ရန် တွေ့ဆုံမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

“ကျနော်တို့ဘက်က ဘာတွေလုပ်နေလဲဆိုတာ သတင်းတွေ၊ မီဒီယာတွေမှာ အကုန်လုံး တင်ပြလေ့မရှိတာကြောင့် သူတို့အနေနဲ့ မသိတာတွေရှိတယ်။ လက်ရှိလုပ်ဆောင်နေတာတွေရော၊ ခက်ခဲနေတာတွေရော သိသွားအောင်၊ အဲဒီအပေါ်မှာလည်း သူတို့အနေနဲ့ အကြံပေးလို့ရအောင်၊ ကူညီပေးလို့ရအောင် တွေ့ဆုံတာဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

တွေ့ဆုံပွဲများအတွင်း NMSP-AD အတွင်းရေးမှူး နိုင်ဗညာလယ် အပါအဝင် ပါတီ၏ ထိုင်းဆက်ဆံရေးတာဝန်ခံ၊ ပြည်ပစည်းရုံးရေးတာဝန်ခံ၊ လူမှုကယ်ဆယ်ရေးတာဝန်ခံနှင့် ပြည်ပစည်းရုံးရေး ဒုတာဝန်ခံတို့ အဓိက ဦးဆောင်လျှက်ရှိသည်။

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် ကဏ္ဍအသီးသီးမှ မွန်လူထုများ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်းလည်း နိုင်ကောင်းစကားက ဆက်ပြောသည်။

“လူမျိုးလွတ်မြောက်ရေးအတွက် ရုန်းကန်မှုတွေမှာ မွန်လုပ်ငန်းရှင်တစ်ခုတည်းမကဘူး၊ ကဏ္ဍအသီးသီးကလူတွေအကုန်လုံး ဥပမာ အလုပ်သမား၊ လူငယ်၊ ပညာတတ်၊ ပညာရှင်တွေ၊ သူဌေးတွေ၊ သံဃာတော်တွေ စသဖြင့်အကုန်လုံးက ကူညီရုန်းကန်ပါဝင်ကြမှ ပန်းတိုင်မြန်မြန်ရောက်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

၄င်းအပြင် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မွန်ရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရပြီး နယ်စပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ခံရသည့် အခြေအနေနှင့် မွန်ရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ခွင့်အခက်အခဲများကို NMSP-AD မှ ပူးပေါင်းကူညီဖြေရှင်းပေးရန် ရှိသည်ဟုလည်း သိရသည်။

NMSP-AD နှင့် ထိုင်းနိုင်ငံရောက် မွန်လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်တို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ တစ်နေရာ၌ တွေ့ဆုံပြီး အမြင်ဖလှယ်ဆွေးနွေးခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း NMSP-AD လူမှုကွန်ရက်စာမျက်နှာ ထုတ်ပြန်ချက်ထားသည်။

ယခု ၂၀၂၆ ခုနှစ်အတွင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ထိပ်ပိုင်းခေါင်းဆောင်များသည် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ ပါတီအဖွဲ့ဝင်များ၊ စည်းရုံးရေးနှင့် ထောက်ပံ့ရေးတာဝန်ခံများအပြင် မွန်အဖွဲ့အစည်းများ၊ မွန်လူထုများနှင့်ပါ မကြာခဏ တွေ့ဆုံလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts