ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့၊ ဘန်ဘွန်နူယာရပ်ကွက်အတွင်းရှိ ဇိမ်ခံနေအိမ်တစ်လုံးကို တစ်လ ဘတ် ၉ သိန်းအထိ ငှားရမ်းပြီး Call Center ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ ၁၅ ဦးအား ထိုင်းအာဏာပိုင်အဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများတွင် ဂျပန်၊ တရုတ်၊ ထိုင်ဝမ်နှင့် မြန်မာနိုင်ငံသားများ ပါဝင်ပြီး ထိုင်းနိုင်ငံသားတစ်ဦးလည်း ပါဝင်နေသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နေအိမ်တွင် နိုင်ငံခြားသားများ မကြာခဏ ဝင်ထွက်သွားလာနေကြသည့် သံသယဖြစ်ဖွယ်အခြေအနေများ ရှိနေကြောင်း ထိုင်းပြည်သူတစ်ဦး၏ သတင်းပေးချက်ရရှိပြီးနောက် တရားရုံး၏ ရှာဖွေခွင့်အမိန့်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများသည် အဖွဲ့၏ အောက်ခြေမှ လုပ်ငန်းဆောင်ရွက်သူများဖြစ်ပြီး ဂျပန်နိုင်ငံသားများကို အဓိကပစ်မှတ်ထား၍ ဖုန်းခေါ်ဆိုကာ ငွေကြေးလိမ်လည်သည့်လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည်။
နေအိမ်ဒုတိယထပ်ကို Call Center လုပ်ငန်းအတွက် အခန်းများခွဲကာ အသုံးပြုထားပြီး ဂျပန်ဘာသာဖြင့် ရေးသားထားသည့် ဇာတ်ညွှန်း(Script)များကို အလုပ်စားပွဲများတွင် ကပ်ထားသည်ကို တွေ့ရှိခဲ့သည့်အပြင် ဂျပန်ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ရန် အသုံးပြုသည့် ရဲဝတ်စုံများ၊ ရဲတံဆိပ်များနှင့် အတုအယောင် ရဲသက်သေခံကတ်များကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များ၏ စစ်ဆေးချက်အရ အဆိုပါဇိမ်ခံအိမ်ကို တရုတ်နိုင်ငံသား အကြီးအကဲတစ်ဦးက အမည်ခံ (Nominee) တစ်ဦးအသုံးပြု၍ ငှားရမ်းထားခြင်းဖြစ်ပြီး တစ်နှစ်ကျော်ကြာ Call Center အခြေစိုက်ရာနေရာတစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။
ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများအပြင် ဂျပန်ရဲဝတ်စုံနှင့် ရဲတံဆိပ်များ၊ ငွေလွဲအချက်အလက်များ၊ မူးယစ်ဆေးဝါး သုံးစွဲရန်ဆိုင်ရာ ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိသည်။
ဖမ်းဆီးခံရသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ဆက်လက်စစ်ဆေးနေပြီး သက်ဆိုင်ရာဥပဒေများအရ အရေးယူဆောင်ရွက်ရန်နှင့် နိုင်ငံခြားသားများအတွက် နိုင်ငံမှ ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းဌာနက ဖော်ပြထားသည်။
သို့သော် တရုတ်နိုင်ငံသား အကြီးအကဲမှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။




