Home သတင်း “တုံးအောက်က (ဖား) များ”

“တုံးအောက်က (ဖား) များ”

နေသူရိန်

နံနက်စောစော ဘုရားသုံးဆူမြို့ ချက်ပွိုင့် ပန်းတန်းလမ်းနှင့် ဂေါက်ကွင်းအကြား စျေးဝယ်သူများနှင့် စည်ကား၍ နေပြီးဖြစ်သည်။ သောကြာနေ့ဖြစ်နေ၍လည်း နယ်စပ်ရှိ မွန်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရောင်းချနေကြသော ထိုင်းကုန်ပစ္စည်း မြန်မာကုန်မျိုးစုံတို့နှင့်အတူ အသားငါးရောင်းသော စျေးဆိုင် ၁၀၀ နီးပါးခန့် ရှိနေသည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ပါသည်။ သောကြာဈေးအဝင်လမ်း ဂေါက်ကွင်းဘေးတွင် စျေးဝယ်၊ ဈေးရောင်းများ ရပ်နားထားသည့် ကားဆိုင်ကယ်များမှာလည်း ရာနှင့်ချီ၍ ရှိနေကြသည်။

တစ်ခုထူးခြားသည်မှာက စျေးအဝင်လမ်းတွင် လူနီဖောင်းဝတ် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA လက်နက်ကိုင်အဖွဲ့က စောင့်ကြည့်နေကြပြီး စျေးရောင်း ဈေးဝယ်သူများ၏ ဆိုင်ကယ်တစ်စီးလျှင် ၎င်းတို့အား ထိုင်းဘတ် ၂၀ ပေးနေရခြင်း ဖြစ်သည်။

ဤကဲ့သို့ စောင့်ကြပ်ခပေးနေရခြင်းမှာ အပတ်စဉ်သောကြာဈေးနေ့တိုင်းပင်ဖြစ်သည်။ (၂၀၂၂) ခုနှစ်ထဲက ဘုရားသုံးဆူဒေသအား အပိုင်စီးထားပြီး နယ်စပ်ဂိတ် ချက်ပွိုင့်တွင်လည်းကောင်း၊ မြို့တွင်း ရပ်ကွက် များတွင်လည်းကောင်း မြို့ပြင် အဝင်အထွက်တွင်လည်းကောင်း စစ်ဆေးရေးနှင့် အခွန်အကောက်ဂိတ်များ ဖွင့်ကာ တစ်နိုင်တစ်ပိုင် ရောင်းဝယ်သူများ ခရီးသွားများကို အခွန်အကောက်များ ကောက်ခံခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ DKBA သည် နယ်စပ်ဒေသ၏ ကုန်စည်ကူးသန်းရောင်ဝယ်မှုနှင့် စီးပွားရေး လုပ်ငန်းမျိုးစုံတို့ကိုလည်း ချုပ်ကိုင်ကာ မတရား စီပွားရှာ ဝင်ငွေရှာနေကြသူများလည်း ဖြစ်သည်။

နယ်စပ်စစ်ဆေးရေးနှင့် အခွန်ကောက်ဂိတ် မြို့တွင်း မြို့ပြင် အဝင်အထွက်ဂိတ်များမှ နေ့စဉ် ထိုင်းဘတ်ငွေ သိန်းချီရရှိနေပြီး တစ်ခါတစ်ရံ ဘတ်သန်းနှင့်ချီ၍ ရရှိနေသည်ဟုလည်း DKBA နှင့် နီးစပ်သူတို့၏ ပြောဆိုချက်များအရလည်း သိရသည်။ ထိုမျှမက ကာစီနိုကစားဝိုင်းတစ်ခုလျှင် အခွန်အကောက် တစ်လ ဘတ်တစ်သိန်း (၁၀၀၀၀၀) တရုတ်လူမျိုးများ၏ သတ္တုမိုင်းလုပ်ကွက် တစ်ကွက်လျှင် အခွန်အကောက် တစ်နှစ်လျှင် ဘတ်သိန်း (၅၀၀) မှ (၁၀၀၀) ရရှိနေပြီး ကျားဖြန့်လုပ်ငန်းမှ ရရှိသော ဝင်ငွေမှာ အတိုင်အဆမရှိ ခန့်မှန်း၍ မရကြောင်းကိုလည်း ဘုရားသုံးဆူမြို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖာ်ပြထားသည်ကိုလည်း တွေ့မြင်ရပေသည်။

DKBA က အခွန်အကောက်ဝင်ငွေရလိုမှုကိုသာ ဦးစားပေးပြီး ဒေသဖွံ့ဖြိုးရေးနှင့် မြို့တွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲပေခြင်း မရှိကြောင်းကိုလည်း ဒေသခံတို့၏ လူမှုကွန်ရက်မျက်နှာပေါ်တွင် ဖော်ပြထားပေသည်။ အမှန်တကယ်လည်း DKBA က ၎င်းတို့၏ ကိုယ်ကျိုးစီးပွားရေးကိုသာ ကြည့်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် မြို့တွင်း စည်ပင်သာယာရေးကို ဥပေက္ခာပြုကာ လျစ်လျူရှု့ထားခဲ့သည်။ အနီးစပ်ဆုံးပြောရမည်ဆိုလျှင် မြို့တွင်း မြို့ပြင်လမ်းများ ပျက်စီးယိုယွင်းနေခြင်းတို့ကို ပြုပြင်ပေးမှု မရှိခြင်းများကြောင့်လည်း ယာဉ်မတော်တဆတိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပေါ်နေခြင်းကို တွေ့မြင် ကြားသိနေရပေသည်။

စစ်အစိုးရအဖွဲ့အစည်း၏ အုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းဖြစ်သည့် DKBA ၏ ထိန်းချုပ်မှုအောက်တွင် ဒေသခံပြည်သူများ၏ ဘဝလုံခြုံမှုနှင့် သာယာအေးချမ်းမှုများ ရရှိလာမည်ဟု မျှော်လင့်နေကြသော်လည်း အထင်နှင့်အမြင် တက်တက်စင်အောင် လွဲခဲ့ရသည်။

ကျားကြောက်လို့ ရှင်ကြီးကိုးပါမှ ရှင်ကြီးက ကျားထက်ပိုဆိုးပြီး ကျားရှေ့ မှောက်လျှက်လဲခဲ့ရသည့် အဖြစ်မျိုးနှင့် ဒေသခံများ ကြုံတွေ့ခဲ့ရသည်။ ပထမအချက်အနေနှင့် DKBA ၏ ကောင်းကျိုးကြောင့် ထိုင်းအစိုးရက လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ အင်တာနက်များကို ဖြတ်တောက်ခဲ့သည်။ ဒုတိယအချက်အနေနှင့် ဒေသတွင်းသို့ ထိုင်းကုန်စည်စီဆင်းမှုတို့ကို အတိုင်အတာတစ်ခုထိ ဖြတ်တောက်ခဲ့သည်။ ဒေသခံ ကုန်သည်များနှင့် စားသုံးသူများ ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။

ယခင် စစ်အစိုးရအဖွဲ့အစည်းများ အုပ်ချုပ်ခဲ့စဉ်ကာလကလည်း စစ်အစိုးရ၏ စည်းမျဉ်းဘောင်အတွင်းက ကုန်သည်ပွဲစားများ မြို့တွင်း အခွန်ကောက်များကို ပေးဆောင်ခဲ့ကြရသည်။ KNU နှင့် DKBA တို့ ပူးတွဲအုပ်ချုပ်လာခဲ့သည့်အချိန်တွင်လည်း ဒေသခံတို့၏ ပေးဆောင်နေကြဲရသည့် အခွန်အကောက်များမှာ လျော့ပါးသွားခြင်းမရှိဘဲ ပိုမို၍ ပေးဆောင်နေကြရသည်ကိုလည်း တွေ့မြင်ကြားသိနေကြရသည်။ အိမ်ခြံမြေများ ရောင်းဝယ်လျှင် ပေးဆောင်ရသည့် အခွန်အကောက် မြို့တွင်းဈေးဆိုင်များနှင့် ရပ်ကွက်အတွင်းရှိ တစ်နိုင်တစ်ပိုင် အိမ်ဈေးဆိုင်များက လစဉ်ပေးနေရသည့် အခွန်အကောက် အဆောက်အဦးများ ဆောက်လုပ်လျှင် ကုန်ကျသည့် ငွေကြေးပမာဏအတိုင်း ရာခိုင်နှုန်းနှင့်အလိုက် ပေးဆောင်နေရသည့် အခွန်အကောက်များမှာလည်း စစ်အစိုးရအဖွဲ့အစည်းများ အုပ်ချုပ်နေစဉ်ကာလထက် ပေးဆောင်နေရမှုများ ပိုမိုမည်ဟုလည်း ခန့်မှန်းမိပါသည်။

KNU နှင့် DKBA တို့ ပူးတွဲအုပ်ချုပ်နေစဉ်ကာလအတွင်း ဘုရားသုံးဆူဒေသအတွင်းနှင့် မြို့တွင်းတွင် အကြမ်းဖက်မှုများ၊ ခိုးလုယက်မှုများ၊ မကြာခဏဆိုသလို ဖြစ်ပေါ်လာခဲ့သည်။ အခွန်အကောက်ရလိုမှုနှင့် ဖွင့်ခွင့်ပြုထားသည့် ကာစီနိုလောင်းကစားရုံများ ဘိန်းစာရွက်ပြုတ်ရည် အရောင်းဆိုင်များ မူးရစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုများကို အလွယ်တကူ လွတ်လပ်စွာ လုပ်ကိုင်နေရခြင်းကြောင့်လည်း အမျိုးသား၊ အမျိုးသမီး လူငယ်အများစု အကျင့်စာရိတ္တပျက်စီးခြင်းများ ဖြစ်ပေါ်နေကြရသည်။ အိမ်ထောင်စုများ ပိုကွဲခဲ့ကြရသည်။ ရာဇဝတ်မှု မြောက်များစွာ ဖြစ်ပေါ်ခဲ့ကြရသည်။ အကျင်းစာရိတ္တများ ပျက်စီးနေကြသော လူငယ်လူရွယ်များသည် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိဘဲ DKBA ၏ လက်အောက်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်မှာလည်း ဒုနဲ့ဒေးပင် ဖြစ်သည်။

ဒေသခံပြည်သူများက ထောက်ခံထားခြင်း ဖိတ်ခေါ်ထားခြင်းမရှိဘဲ မိမိတို့၏ သဘောဆန္ဒအလျှောက် ဘုရားသုံးဆူဒေသ၏ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကို တာဝန်ယူခဲ့သည့် KNU နှင့် DKBA တို့၏ ထိန်းချုပ်မှု အုပ်ချုပ်မှုအောက်တွင် ဒေသခံပြည်သူများမှာ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုတ်ဆိုသည်နှင့်အညီ ဆုတ်လည်း စူးစားလည်း ရူးသည့် ပဒိုင်းသီးကိုရင်ဝယ်ပိုက်ထားရသကဲ့သို့ပင် ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်နေကြရကုန်သော ဒေသခံပြည်သူတို့၏ ဘဝမှာ “တုံးအောက်ကဖား” များသာဖြစ်ပြီး ပြားလျက်နှင့် ပိုပြီးပြားနေကြရသည်သာ ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

Enable Notifications OK No thanks