တအာင်းဒေသမှာ ယခုနှစ် ၈ လတာကာလအတွင်း မိန်းကလေးငယ်နှင့် အမျိုးသမီးများသည် အကြမ်းဖက်မှုများစွာကို နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ပြောသည်။
အမျိုးသမီးများသည် စစ်ပဋိပက္ခ၏ ခါးသီးမှုဒဏ်ကို ခံစားနေရသည့်အပြင် အတင်းအဓမ္မ ပြုကျင့်ခံရခြင်း၊ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ လူကုန်ကူးခံရခြင်း စသည့် အကြမ်းဖက်မှုများစွာကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
လက်ရှိ တအာင်းဒေသများတွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း သို့သော် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက မြို့အလိုက် ထိန်းချုပ်ထားပြီး အမျိုးသမီးများ အကြမ်းဖက်မှုများ ကြုံတွေ့နေရသော်လည်း အရေးယူမှုအပိုင်းတွင် အားနည်းချက်များ ရှိနေကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုလိုမျိုး နိုင်ငံရေး ရှုပ်ထွေးနေတဲ့ကာလမှာ၊ အုပ်ချုပ်ရေးပိုင်းတွေ များနေတဲ့ကာလမှာဆိုရင် ဒီအမျိုးသမီးတွေက ဘယ်ဒေသတွေမှာ သွားပြီးတော့ တိုင်ကြားမှုတွေ ပြုလုပ်ရမလဲ။ ဒီအဖွဲ့အစည်းကို တိုင်ရင် ဘယ်ဟာပြီးမယ်ဆိုတဲ့ဟာတွေပေါ့နော်။ အုပ်ချုပ်ရေးပိုင်းတွေက ရှုပ်ထွေးနေတဲ့ကာလမှာဆိုရင် ဒီအမျိုးသမီးတွေရဲ့ တရားမျှတမှု ရရှိဖို့က အရမ်းကို ခက်ခဲတယ်။ စိန်ခေါ်မှုလည်း ရှိတယ်ပေါ့။ တစ်ခါတလေမှာ ကျူးလွန်လိုက်တဲ့သူကို သိပေမယ့်လည်း ထုတ်ဖော် မပြောရဲတာတွေ ရှိတယ်ပေါ့နော်။ ကျမတို့ဒေသမှာက အဲဒီလိုမျိုးတွေတော့ ရှိတယ်။ နောက်တစ်ခုက သွားရောက်တိုင်ကြားတဲ့အခါမျိုးမှာလည်း ဒီဟာက အမျိုးသမီးကိစ္စတွေ ဖြစ်တယ်၊ ဒီဟာတွေက နောက်မှ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေဖြစ်တယ်ဆိုတဲ့ အယူအဆတွေလည်း ရှိနေတယ်ပေါ့နော်” ဟု ပြောသည်။
ဒေသအတွင်း အတင်းအဓမ္မပြုကျင့်မှု ၄ ခု၊ အိမ်တွင်းရေးဖောက်ပြန်မှု ၈ ခု၊ အိမ်တွင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၁ ခု၊ အမျိုးသားမှ ကွာရှင်းခွင့် မပေးမှု ၄ ခု၊ လူကုန်ကူးမှု ၅ ခု၊ ရိုက်နှက်ခံရမှု ၁ ခု၊ ကလေးမွေးဖွားစဉ် သေဆုံးမှု ၁ ခု စုစုပေါင်း ၃၄ ခုကို မှတ်တမ်းတင်ခဲ့ပြီး TWO မှ လိုအပ်သည့် ဝန်ဆောင်မှုများကို ကူညီပေးခဲ့သည်ဟု ဆိုသည်။
အလားတူ နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေများအကြား KTV လုပ်ငန်းများ၊ အဆင့်မြင့်မူးယစ်ဆေးဝါးများ၊ လောင်းကစားလုပ်ငန်းများနှင့် သဘာဝသယံဇာတ စီမံကိန်းများကြောင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည့်အတွက် မိန်းကလေးငယ်များ လိင်လုပ်သားဘဝ ရောက်ရှိလာကြသည်ဟု ဆိုသည်။
“သွားရောက်တိုင်ကြားတဲ့အခါမှာဆိုရင် သက်ဆိုင်ရာအာဏာပိုင်ရဲ့ အရေးယူဆောင်ရွက်တဲ့အပိုင်းတွေလည်း အရမ်းကို အားနည်းနေသေးတယ်။ ဒီဟာတွေက အိမ်ထောင်ရေးပြဿနာတွေဖြစ်တယ်၊ ဒါတွေက အရေးမကြီးဘူးဆိုပြီး လျစ်လျူရှုခံထားရတဲ့ဟာမျိုးတွေလည်း အများကြီးရှိတယ်။ ဒါကတော့ ဒီဒေသမှာ တကယ်ဖြစ်ပျက်နေတဲ့ဟာမျိုးတွေ ရှိတယ်ပေါ့” ဟု အထက်ပါ တာဝန်ရှိသူ ဆက်ပြောသည်။
အမျိုးသမီးများသည် အိမ်တွင်းရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ရင်ဆိုင်နေကြရပြီး လူမှုပတ်ဝန်းကျင်များက သာမန်ဖြစ်စဉ်အဖြစ် မှတ်ယူကာ လျစ်လျူရှုထားခြင်း၊ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှု အားနည်းခြင်းတို့ကြောင့် ကျူးလွန်သူများက အကြမ်းဖက်ရန် ပိုမိုရဲတင်းလာကြပြီး ဖြေရှင်းရန် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု TWO က ဆိုသည်။
အတင်းအဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံ လာရောက်အကူအညီတောင်းသည့် ဖြစ်စဉ်များအပေါ် ဥပဒေလမ်းကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးနိုင်ခဲ့သလို ယနေ့အချိန်ထိ လွတ်မြောက်နေသည့် တရားခံများလည်း ရှိနေသည်ဟု ဆိုသည်။



