မွန်ပြည်နယ်၊ မြို့ပေါ် ၊ကျေးရွာနေရာတို့တွင် ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့် ဒေသခံများ ညဘက် အပြင်ထွက်သွားလာသူနည်းပါးပြီး လမ်းမပေါ်တိတ်ဆိတ်နေသည်ဟု ဒေသခံများကပြောသည်။
ညမထွက်ရအမိန့် သတ်မှတ်ထားသည့်အချိန် မတိုင်မီပင် စစ်တပ်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ကားများဖြင့် လှည့်လည်သွားလာနေပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများရှိနေသည်ဟု ပေါင်မြို့ခံတစ်ဦးကပြောသည်။

“ရဲကားတွေက ၅ စီးလောက်တန်းစီပြီး လှည့်နေတယ်။ ၁၁ နောက်ပိုင်းဆို တွေ့ရင် ဖမ်းပေါ့၊ တစ်ပတ်လောက်ရှိပြီး၊ ဆိုင်တွေလည်းပိတ်ထားတယ်။ လက်ဖက်ရည်ဆိုင်ကအစပေါ့ လူငယ်မှမဟုတ်ဘူး ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး၊ ၇ နာရီလောက်ဆို တိတ်ဆိတ်ကုန်ပြီး၊ ဆိုင်ကယ်တွေရှင်းနေရော” ဟု၎င်းက ပြောသည်။
အလားတူ သံဖြူဇရပ်မြို့တွင်လည်း ယခင်က ၉ နာရီအထိ လမ်းသွားလမ်းလာရှိသော်လည်း ယခုရက်ပိုင်းအတွင်း ညဘက်မြို့ပေါ်အခြေအနေ ပိုမိုတိတ်ဆိတ်လာကြောင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
“မြို့ပေါ် မုန့်ဆိုင်ဆို စောပိတ်တယ်။ လမ်းမှာလူရှင်းနေတာ သုံးလေးရက်ရှိပြီး၊ ၉ နာရီအထိတော့ လူတွေ့နေရသေးတယ်။ ခရီးသွားလာသူရော မတွေ့တော့ဘူး။ အရေးကြီးတောင် သိပ်မထွက်ရဲဘူး၊ ဒါက ရော်ဘာဖွင့်ချိန်မဟုတ်သေး အဲ့ချိန်ဆို ရော်ဘာအစီးခြစ်တာပဲ အဆွဲခံရမလား၊ ဆိုင်ကယ်ပဲလုခံရမလားပဲ ရဲတွေလည်း ယုံရတာမဟုတ်ဘူး” ဟု၎င်းကပြောသည်။
ထို့ပြင် လူပြတ်သည့် လမ်းပိုင်းတို့တွင် နေ့ဘက်သွားလာရန်ပင် စိုးရိမ်နေရကြောင်း ကမာဝက်မြို့မှ ခြံလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။
“ အလုပ်သွားတာကအစ မသွားရဲဘူး။ ကျနော်တို့ဆို ခြံက မုဒုံ ၇ ခွေ ဘက်ဖြတ်ရတော့ ခြံရှင်းမြက်ခုတ်ဖို့ နေ့ဘက်ကအစမသွားရဲဘူး၊ လူပြတ်တဲ့လမ်းပိုင်းမလို့” ဟု၎င်းကပြောသည်။
ရဲစခန်းနှင့်ဝေးသည့် နေရာများတွင် ပြည်သူ့စစ်အဖွဲ့များက ဖမ်းဆီးပြီး ငွေကြေးဖြင့်ညှိနှိုင်းကာပြန်လွတ်လာသူများလည်း ရှိသလို စစ်မှုထမ်းကြေးကောက်ခံစဉ်တွင် မပေးဆောင်သူများကို အုပ်ချုပ်ရေးမှူးထံ ပြန်လည်ရောင်းချမှုများရှိနေသည်ဟု ပေါင်မြို့ခံကဆိုသည်။
စစ်မှုထမ်းအင်အားပြည့်မီရေးအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းခြင်းနှင့် ဖမ်းဆီမှုမှတစ်ဆင့် ငွေကြေးတောင်းခံနေသောကြောင့် လူငယ်များ အသွားအလာ သတိရှိရန် ညပိုင်းသွားလာခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုယ်တိုင် သတိပေးပြောဆိုထားသည်။
မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြည်သူ့စစ်မှုထမ်းခေါ်ယူရာတွင် ဥပဒေအတိုင်းမဟုတ်ဘဲ လမ်းသွားလမ်းလာသူများကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံခြင်းများကို အရေးယူသွားမည်ဟု ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က မွန်ပြည်နယ်စစ်အစိုးရအဖွဲ့က ပြောကြားထားသော်လည်း လက်တွေ့လုပ်ဆောင်ခြင်းမရှိသည်ကို မြေပြင်တွင် မျက်ဝါးထင်ထင်မြင်ရကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် မွန်ပြည်နယ် စစ်မှုထမ်းအပတ်စဉ် ၂၈ အတွက် လူငယ် ၂၂၂ ဦး စုဆောင်းခံထားရကြောင်း၊ အများစုတို့သည့် ဒေသန္တရအမိန့်များကို ဖောက်ဖျက်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူများ၊ အတင်းအဓမ္မပေါ်တာဆွဲခံရသူများပါဝင်နေသည်။




