Home သတင်း စစ်မှုထမ်းအကြောင်းပြ ဖမ်းဆီးငွေညှစ်သည့် လူရောင်းဝယ်ဈေးကွက်

စစ်မှုထမ်းအကြောင်းပြ ဖမ်းဆီးငွေညှစ်သည့် လူရောင်းဝယ်ဈေးကွက်

စစ်အုပ်စုက အကောင်အထည်ဖော်နေသည့် စစ်မှုထမ်းဥပဒေအောက်တွင် စစ်မှုထမ်းအင်အား ပြည့်မီရေးအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းမှုများရှိလာသကဲ့သို့၊ ဖမ်းဆီးခံရသူများကို မိသားစုဝင်များက ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်အောင် ကြိုးပမ်းရသည့် ဖြစ်စဉ်များလည်း ပေါ်ပေါက်လာနေသည်။

ဒေသခံများနှင့် စစ်မှုထမ်းစုဆောင်းခံရသူများအတွက် ကူညီပေးနေသူများ၏ ပြောဆိုချက်များအရ အချို့ဒေသများတွင် စစ်မှုထမ်းအင်အား ပြည့်မီရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအပေါ် ဖိအားပေးမှုများရှိနေပြီး၊ သတ်မှတ်အရေအတွက် ပြည့်မီရေးအတွက် ပျူစောထီးများ၊ လူမိုက်များနှင့် အခြားလူစုဆောင်းသူများကို အသုံးပြုကာ လူငယ်များကို ရှာဖွေဖမ်းဆီးမှုများ ရှိနေသည်ဟု ဆိုသည်။

စစ်မှုထမ်းစုဆောင်းခံရသူများအတွက် ကူညီပေးနေသည့် ဒေါ်စုစုနွေကမူ အချို့ကျေးရွာနှင့် ရပ်ကွက်များတွင် စစ်မှုထမ်းအရွယ် လူငယ်ရှိသည့် မိသားစုများထံမှ စစ်မှုထမ်းအစားထိုးရေးအတွက် ငွေကြေးကောက်ခံမှုများ ရှိနေပြီး၊ လူငယ်များကို ရှာဖွေပေးသည့် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူပွဲစားများမှာလည်း ထိုလုပ်ငန်းမှ ငွေကြေးအကျိုးအမြတ် ရရှိနေကြသည်ဟု ပြောသည်။

“ကျေးရွာအုပ်ချုပ်အုပ်စုတွေမှာဆိုရင်တော့ အသံချဲ့စက်နဲ့ ခေါ်တယ်။ ခေါ်ပြီးတော့ စစ်မှုထမ်းအသက်ပြည့်တဲ့ လူငယ်တစ်ယောက်ရှိရင် ၄ သောင်း၊ နှစ်ယောက်ရှိရင် ၇ သောင်း၊ ၃ ယောက်ဆို ၁ သိန်း အဲ့ဒီလိုမျိုး ထည့်ရမယ်။ အဲဒီလိုနဲ့ ပေါင်းစားတဲ့လူတွေက ကြီးပွားပြီး နစ်နာနေတာက မရှိဆင်းရဲသား ပြည်သူလူထုပေါ့” ဟု ဒေါ်စုစုနွေးက ပြောသည်။

စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းဖမ်းဆီးမှုများနှင့်အတူ လူပျောက်ကြေညာစာများလည်း လူမှုကွန်ရက်များတွင် ပိုမိုတွေ့လာရသည်။ ထိုလူပျောက်ကြေညာစာများမှတစ်ဆင့် မိသားစုဝင်များထံ ဆက်သွယ်ကာ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း IMNA ၏ စုဆောင်းရရှိထားသည့် အချက်အလက်များအရ သိရသည်။

ဖမ်းဆီးပြီး ငွေတောင်းသည့် ဖြစ်စဉ်များ

အချို့ဒေသများတွင်မူ စစ်မှုထမ်းအရွယ် လူငယ်များကို ဖမ်းဆီးပြီးနောက် မိသားစုဝင်များထံ ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်နိုင်ကြောင်း ဆက်သွယ်ပြောဆိုမှုများ ရှိနေသည်။

ပဲခူးတိုင်း၊ ပြည်မြို့တွင် လူငယ်များ လာရောက်လေ့ရှိသည့် ညဈေးတန်းနှင့် ပန်းခြံကဲ့သို့ နေရာများတွင် ပျူစောထီးအဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့များက လူငယ်များကို ဖမ်းဆီးစုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း နိုင်ငံရေးပါတီ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများကို စစ်မှုထမ်းစုဆောင်းရေးသို့ မပို့ဆောင်မီ မိသားစုဝင်များထံ ဆက်သွယ်ကာ ငွေကြေးပေး၍ ပြန်လည်ရွေးယူရန် တောင်းဆိုသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

“ပိုက်ဆံယူတာက အဆင့်ဆင့်မှာ ရှိတယ်။ တစ်ခါတည်း ဖမ်းပြီးတော့ အရောင်းအစားလုပ်တဲ့အဆင့်ရှိသလို၊ စစ်တပ်ဆေးရုံမှာ ဆေးစစ်ဖို့ ဝင်ထားပြီး ဆေးကျတယ်ဆိုပြီး လုပ်ပေးတာမျိုးလည်း ရှိတယ်” ဟု ပြည်မြို့နယ်မှ နိုင်ငံရေးပါတီကိုယ်စားလှယ်က ပြောသည်။

၎င်း၏ ပြောဆိုချက်အရ ပြည်မြို့နယ်တွင် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းအင်အား သတ်မှတ်ချက်ပြည့်မီရေးအတွက် လူငယ်များကို ရှာဖွေပေးရပြီး၊ ဖမ်းဆီးထားသည့် လူငယ်အချို့ကို မိသားစုများက ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်နိုင်သည့် ဖြစ်စဉ်များ ရှိနေသည်ဟု ဆိုသည်။

“နောက်ကနေ လိုက်ရွေးနိုင်ရင် လွတ်တယ်၊ မရွေးနိုင်တဲ့လူဆိုရင် လွတ်လမ်းမရှိဘူး။ ဈေးကလည်း သိန်း ၁၀၀ က အနည်းဆုံးပဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ စွပ်စွဲချက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူများကို မိသားစုဝင်များက ငွေကြေးပေး၍ ပြန်လည်ရွေးယူရသည့် ဖြစ်စဉ်များကို အခြားဒေသများတွင်လည်း ဖြစ်ပွားနေသည်။

စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူများအနက် ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်နိုင်သူများ ရှိသကဲ့သို့ မိသားစု၏ ငွေကြေးအခြေအနေကြောင့် ပြန်လည်ရွေးယူနိုင်ခြင်းမရှိသူများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့သော ဖြစ်စဉ်များကြောင့် စစ်မှုထမ်းစုဆောင်းမှုသည် လူငယ်များအပေါ် လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖိအားတစ်ရပ်သာမက၊ ငွေကြေးတတ်နိုင်သည့် မိသားစုနှင့် မတတ်နိုင်သည့် မိသားစုအကြား ကွာဟမှုကို ပိုမိုကြီးမားစေသည့် အခြေအနေတစ်ရပ်လည်း ဖြစ်လာနေသည်။

မွန်ပြည်နယ်တွင်လည်း မ်းဆီးမှုများ တိုးလာ

မွန်ပြည်နယ်အတွင်း၌လည်း လူငယ်များ ဖမ်းဆီးခံရသည့်ဖြစ်စဉ် တိုးလာပြီး အထူးသဖြင့် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ ရေး၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်တို့တွင် စစ်တပ်နှင့် လက်အောက်ခံအဖွဲ့အစည်းတို့က လူငယ်များကို လိုက်လံ ဖမ်းဆီးနေသည်။

အချို့ ဆိုင်ကယ်နှင့်တကွ ဖမ်းဆီးခံရပြီး ဆိုင်ကယ်ကို သိမ်းကာ လူကို စစ်မှုထမ်းရန်အတွက် စစ်မှုထမ်းသင်တန်းပို့ဆောင်သည်လည်း ရှိသလို အချို့ကလည်း မိသားစုများက ငွေကြေးပေး၍ ပြန်လည်ရွေးယူခဲ့ရသည်လည်း ရှိသည်။

ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကနေ သိန်း ၂၀၀ အထိ ပြန်ရွေးခိုင်းနေပြီး မရွေးနိုင်သူများကို စစ်မှုထမ်း သင်တန်းသို့ ပို့ဆောင်နေသည်။

စစ်မှုထမ်းအပတ်စဉ် ၂၈ အတွက် မွန်ပြည်နယ်တွင် လူငယ် ၂၂၂ ဦး စစ်သားစုဆောင်းခံရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

စစ်မှုထမ်းအင်အား ပြည့်မီရေးအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းခြင်းနှင့် ထိုဖမ်းဆီးမှုမှတစ်ဆင့် ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများ အထူးသဖြင့် လူငယ်များ အသွားအလာ သတိရှိရန် ညပိုင်း သွားလာခြင်း မပြုလုပ်ရန် ဒေသခံနှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ကိုယ်တိုင် သတိပေးမှုများ ရှိသည်။

စစ်မှုထမ်းဥပဒေ၏ အကောင်အထည်ဖော်မှုနှင့် လူငယ်များ၏ လုံခြုံရေး

စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသည့်ကာလအတွင်း လူငယ်များအနေဖြင့် အလုပ်သွားအလုပ်ပြန်၊ ဈေးသွားခြင်းနှင့် နေ့စဉ်လူမှုဘဝအတွင်း သွားလာနေစဉ် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသည့် အခြေအနေများ ရှိလာနေသည်။

“ကျွန်မတို့ ဒီစစ်မှုထမ်းကြောင့် မြန်မာနိုင်ငံက လူငယ်တွေ တော်တော်များများ ဘာလုံခြုံမှုမှ မရှိတော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်နေရတာတောင် လုံခြုံမှုမရှိဘူး။ အလုပ်သွား အလုပ်ပြန်တောင်မှ ကိုယ့်မိသားစု စီးပွားရေးအတွက် စားရေးသောက်ရေးအတွက် သွားလာရင်း လုံခြုံမှုမရှိတော့ဘူး” ဟု ဒေါ်စုစုနွေးက ပြောသည်။

၎င်းက စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ အဓမ္မဖမ်းဆီးခြင်းနှင့် ငွေကြေးတောင်းခံခြင်းများအပေါ် သက်ဆိုင်ရာအာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း မေးခွန်းထုတ်သည်။

သို့သော် စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးပြီး ငွေကြေးတောင်းခံနေသည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ အာဏာပိုင်များဘက်က သီးခြားရှင်းလင်းတုံ့ပြန်ထားသည့် အချက်အလက်များကို ယခုအချိန်အထိ မတွေ့ရသေးပေ။

စစ်မှုထမ်းအင်အား ပြည့်မီရေးအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းမှုနှင့် ထိုဖမ်းဆီးမှုများမှတစ်ဆင့် မိသားစုများထံ ငွေကြေးတောင်းခံမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက စစ်မှုထမ်းဥပဒေ၏ အကောင်အထည်ဖော်မှုသည် လူငယ်များ၏ လုံခြုံရေး၊ မိသားစုများ၏ စီးပွားရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှုတို့ကို ပိုမိုထိခိုက်စေနိုင်သည်။

စစ်မှုထမ်းအင်အား ပြည့်မီရေးအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းခြင်းသာမက ထိုလုပ်ငန်းစဉ်အတွင်း ငွေကြေးတောင်းခံခြင်း၊ လူပွဲစားများ ပေါ်ပေါက်လာခြင်းနှင့် မိသားစုများက ငွေကြေးပေး၍ ပြန်လည်ရွေးယူရသည့် အခြေအနေများကို မည်သို့ ထိန်းချုပ်အရေးယူမည်ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်သည်။

စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုသည် ဥပဒေအရ ဆင့်ခေါ်မှုတစ်ရပ်အဖြစ်သာ ရှိနေမည်လား၊ သို့မဟုတ် အာဏာရှိသူများနှင့် လူစုဆောင်းသူများအတွက် လူငယ်များကို ဖမ်းဆီးငွေတောင်းခံနိုင်သည့် အခွင့်အရေးတစ်ရပ်အဖြစ် ပြောင်းလဲသွားမည်လားဆိုသည်ကိုလည်း သက်ဆိုင်ရာအာဏာပိုင်များ ဖြေရှင်းရန် လိုအပ်နေသည်။

Enable Notifications OK No thanks