Homeသတင်းမိုးစပါးအသစ်မပေါ်မီ အမျိုးအစားအလိုက် စပါးဈေးနှုန်းမြင့်တက်

မိုးစပါးအသစ်မပေါ်မီ အမျိုးအစားအလိုက် စပါးဈေးနှုန်းမြင့်တက်

-

မိုးစပါးအသစ်မပေါ်မီ စက်တင်ဘာလဆန်းပိုင်းအတွင်း မွန်တွင် စပါးအမျိုးအစားအားလုံး ဈေးနှုန်း ဆက်တိုက်မြင့်တက်လာပြီး  စပါးတင်းတစ်ရာဈေး သိန်း ၅၀ အထိ  ပေါက်ဈေးရှိနေကြောင်း ဒေသတွင်း တောင်သူများထံမှ သိရသည်။

ဈေးကွက်တွင် စပါးလက်ကျန်နည်းပြီး ဝယ်လိုအားများသည့်အပြင် ရေဘေးကြောင့် စပါးဧကသောင်းနှင့်ချီ ပျက်စီးဆုံးရှုံးမှုဖြစ်နေစဉ် ဆန်ဈေးထက် စပါးဈေးများ အလျင်အမြန် မြင့်တက်နေသည်။

လက်ရှိတွင် စပါးအမျိုးအစားအလိုက် ငွေကျပ် သိန်း ၄၀ မှ ၅၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသော်လည်း လက်ကျန်စပါးများကို လယ်လုပ်ငန်း အရင်းအနှီးအတွက် ရောင်းခဲ့ကြသဖြင့် လက်ကျန်စပါး မရှိသလောက်နည်းသွားကြောင်း ပေါင်မှ တောင်သူတစ်ဦးက IMNA သို့ပြောသည်။

“ဒီတစ်ပတ်အတောအတွင်းမှာပဲ ၅၀ ကျော်တက်သွားတာ။ ရောင်းစရာစပါးလည်း မရှိတော့ဘူး။ လယ်လုပ်ဖို့ ငွေလိုတဲ့အခါကျတော့ ၃၅ နဲ့ စပြီးရောင်းနေကြတာလေ။ ၄၀ ကြားရောက်တော့ လယ်သမားတွေလက်ထဲ ကုန်သွားတယ်။” ဟု ပေါင်မြို့နယ် တောင်သူလယ်သမားတစ်ဦးက ဆိုသည်။

သို့သော်လည်း နေရာဒေသအလိုက် ဈေးနှုန်းကွာခြားမှုရှိနေသဖြင် လက်ကျန်စပါးများကို တောင်သူများက ဆက်လက်သိုလှောင်ထားသူများလည်းရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်‌တောင်သူတစ်ဦးက “စပါးဈေးက ၄၀ ဝန်းကျင်လောက်ရှိတယ်။ တို့ရွာဘက်မှာတော့ တစ်ယောက်မှ သိမ်းထားတဲ့စပါးတွေကို မရောင်းကြသေးဘူး။ ဒီမိုးစပါးမထွက်ခင်မှာ ရောင်းမယ်လို့ တွေးထားတာ။ လက်ရှိဈေးထက် ပိုမြင့်မယ်ဆို အခုပဲရောင်းမှာပါ။ ဈေးမကောင်းသေးတော့ ဆက်လှောင်ထားရုံပဲ။” ဟု ဆိုသည်။

ကုန်ဈေးနှုန်းနှင့်စက်သုံးဆီ အဆမတန် မြင့်တက်လာမှုကြောင့် မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးစိုက်သူများ သိသိသာသာလျော့ကျလာသော လာမည့်နှစ်တွင် လယ်လုပ်ငန်းများ လည်ပတ်နိုင်ရန် ယခုနှစ်ဈေးနှင့်မှသာလျှင် လုပ်ငန်းလည်ပတ်နိုင်မည်ဖြစ်ကြောင်း လယ်သမားများက ပြောသည်။

“နောက်နှစ် ဒီလိုဈေးနဲ့ဆို လယ်လုပ်တာ နည်းနည်းကိုက်ညီမယ်။ လယ်ထွန်ခရော အကုန်လုံးက ဈေးမြင့်နေတာ။ နွေတုန်းက ကျွန်တော်တို့ရောင်းတာ ၂၀ လောက်ပဲရတယ်။ အခု ၄၀ ဖြစ်သွားပြီးလေ။ ဈေးနှစ်ဆမှ ကွာတာ။” မုဒုံမြို့နယ် လယ်သမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် မိုးရွာသွန်းမှုများသောကြောင့် မွန်ပြည်နယ်အတွင်း မိုးစပါးများတွင် ကြက်သွန်မြိတ်ပိုးနှင့် ကျောက်ပိုး စသည့်ပိုးများ အလွန်ကျနေပြီး ကြွက်မျာကြောင့်လည်း လယ်ယာအများအပြား ပျက်စီးနေကြောင်း တောင်သူများက ပြောကြားထားပါသည်။

စပါးအသစ်ပေါ်ရန် လပိုင်းခန့်လိုနေသေးသဖြင့် လက်ရှိပေါက်ဈေးသည် ထုတ်ရောင်းရန် သင့်တော်သည့် အခြေအနေမဟုတ်သေးကြောင်းလည်း ဆန်စပါးဈေးကွက် လေ့လာနေသူများက သုံးသပ်ထားသည်။

စစ်ကော်မရှင် မြန်မာဆန်စပါးအသင်းမှ ရေကြီးပြီး စပါးဧက သောင်းနှင့်ချီမြင့်နစ်မြုပ်နေချိန် ပြည်သူများ သက်သာသည့်ဈေးနှုန်းဖြင့် ဆန်စပါးကုန်သည်များ မိမိတို့ သိုလှောင်ထားမှုအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မပြုရန်လည်း ပြီးခဲ့သည့် သြဂုတ်လက ထုတ်ပြန်ထားသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts