ထိုင်းနိုင်ငံတွင် တရားဝင် တိုင်းရင်းသားမျိုးနွယ်စုအဖြစ် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် ထိုင်းမွန်အသိုင်းအဝိုင်းအတွင်း လူဦးရေစာရင်း ကောက်ယူခြင်းနှင့် ကိုယ်စားလှယ် ရွေးချယ်ခြင်း လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီဖြစ်သည်။
အဆိုပါ မှတ်ပုံတင်ခွင့် ရရှိခြင်းမှတစ်ဆင့် မွန်စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို ထိန်းသိမ်း ဖော်ထုတ်နိုင်မည်ဖြစ်သည့်အပြင် မွန်ရွှေ့ပြောင်းလုပ်သားများနှင့် ကလေးငယ်များ၏ ပညာရေးနှင့် လူမျိုးဆိုင်ရာ အခွင့်အရေးများကိုပါ တောင်းဆိုနိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်သည်။
ထို့အပြင် လူဦးရေစာရင်း တိကျမှန်ကန်မှုသည် လူမျိုးစု ကိုယ်စားပြုခွင့်နှင့် အခွင့်အရေးများ ပိုမိုရရှိရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေသဖြင့် စာရင်းကောက်ယူမှု အခြေအနေများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် သံဃာတစ်ပါးကို IMNA က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ထိုင်းမှာရှိတဲ့ မွန်လူဦးရေများစွာထဲက ဘယ်လိုလူမျိုးက မှတ်ပုံတင်စာရင်းထဲမှာ အကြုံးဝင်မှာလဲ။
ဖြေ။ ။ ထိုင်းမှာနေထိုင်တဲ့ မွန်လူမျိုးက ၃ မျိုးရှိတယ်ပေါ့။ အရင်ကတည်းက ထိုင်းမှာ ရှိနေပြီးသား ထိုင်းနိုင်ငံသားလိုပဲ ဖြစ်တယ်၊ ထိုင်း (နိုင်ငံသားဘတ်) ကိုင်ဆောင်ခွင့်ရှိတဲ့ မွန်ပေါ့။ Nationality ကတော့ ထိုင်းလူမျိုးတော့ မဟုတ်နေဘူး။ မြန်မာနိုင်ငံသားလည်း ခံယူထားတာမျိုးမရှိဘူး။ ဒုတိယတစ်မျိုးက ဝမ်ကလိုမျိုး နယ်စပ်မှာ အခြေချနေကြတဲ့ မွန်နဲ့ ထိုင်းနိုင်ငံသားအနေနဲ့ ဘတ်တော့မရှိဘူး၊ အစုအဖွဲ့အစည်းနဲ့ နေထိုင်သူတွေ၊ အိမ်ထောင်စုနဲ့ ပြီးတော့ အဲဒီကျေးရွာမှာလည်း အသိအမှတ်ပြု နေထိုင်ထားတာ ကြာပြီဆိုတဲ့ အထောက်အထား၊ ဒီထိုင်းမှာပဲ အခြေချတော့မယ်ဆိုတဲ့အကြောင်း ယဉ်ကျေးမှု၊ နေထိုင်မှုအစပေါ့နော်။ ဆယ်စုနှစ် ၁ ခုအထက်က တိမ်းရှောင်လာတဲ့သူတွေ ပါမယ်။ ဒီအဖွဲ့ထဲ ပါဝင်လို့ရတဲ့ လက္ခဏာက မွန် ခုနကပြောတဲ့ ပထမနဲ့ ဒုတိယမွန်ပေါ့နော်၊ ထိုင်းမှာ နှစ်ပေါင်းကြာမြင့်စွာ နေထိုင်နေတဲ့ အထောက်အထားပေါ့။ နောက်တစ်မျိုးက မြန်မာနိုင်ငံသားအနေနဲ့ ကျောင်းလာတက်တာတို့၊ အလုပ်လာလုပ်တာတို့ကျတော့ ဒီမှတ်ပုံတင်မှာ မပါဘူးပေါ့။
မေး။ ။ မှတ်ပုံတင်ဖို့အတွက် ဩဂုတ်လ ၂၃ ရက်နေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဘယ်လိုရလဒ်တွေ ရလာတာရှိလဲ။
ဖြေ။ ။ သုံးချက်ပေါ့နော်။ တစ်ခုက ဥပဒေအကြောင်းအရာနဲ့ အခွင့်အရေးရယ်၊ ဘယ်လိုစလုပ်ရမလဲဆိုတာရယ်၊ ပြီးတော့ ကိုယ်စားလှယ်ရွေးချယ်တယ်။ ပထမက ရွာအဆင့်၊ မြို့နယ်အဆင့်၊ ဒေသအဆင့်၊ တိုင်းအဆင့်၊ နိုင်ငံအဆင့်အထိပေါ့နော်။ Register ဖို့အတွက် နည်းနည်း အလျင်လိုနေရတယ်။ အချိန် limit ထားတာဆိုတော့လေ။ အခုက ၁၅ ယောက်ကို ရွေးချယ်ပြီး စာရင်းတင်ထားရတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်က ၃ ဦး သို့မဟုတ် ၅ ဦး ပါမယ်။ အဲဒါကျ Population အပေါ် မူတည်သွားမယ်။ အဲလို ကိုယ်စားလှယ်တွေက တိုင်းရင်းသားအားလုံးအတွက်၊ ရှေ့လုပ်ငန်းစဉ်အားလုံးအတွက် ဥပဒေရေးဆွဲရေးတွေမှာ ဘယ်လိုအခွင့်အရေးတွေပါမလဲ၊ ဘယ်လိုဥပဒေကို ဆန့်ကျင်ရမလဲ၊ ပုဒ်မတွေ ဥပဒေတွေ ရေးဆွဲရာမှာ ပါဝင်ဖို့အတွက် ဒီကနေ ရွေးချယ်ထားတဲ့ ၅ ဦးကပဲ ဥပဒေရေးဆွဲရေးတွေမှာ ပါဝင်ခွင့်ရှိတာပေါ့နော်။ အဲဒီအစည်းအဝေးကတော့ အကြမ်းဖျင်းလောက်ပဲ ကျေးရွာကိုယ်စားပြု၊ ဒေသကိုယ်စားပြုလောက်ပါပဲ။
မေး။ ။ မှတ်ပုံတင်ဖို့အတွက် ဘယ်လိုလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ လိုအပ်နေသေးလဲ။
ဖြေ။ ။ အဲဒီနေ့တုန်းက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ပေါ်မှာ မူတည်တယ်။ သူတို့က မွန်တွေရှိတဲ့ ကျေးရွာ၊ ဒေသတွေကို ကွင်းဆင်းပြီးတော့ ဘယ်သူက တိုင်းရင်းသားမျိုးနွယ်စု အုပ်စုထဲ ပါဝင်ချင်တာလဲပေါ့ စာရင်းတင်ဖို့အတွက် Google Form ရှိမယ်။ အဲဒီအထဲမှာ အမျိုးအစားအုပ်စု နှစ်ခုခွဲထားပြီးသား။ အပေါ်မှာ ပြောထားတဲ့ ထိုင်းနိုင်ငံသားပဲ ဒါပေမဲ့ မွန်သွေးပေါ့၊ မွန်လူမျိုး၊ နိုင်ငံသားအနေနဲ့ ခံယူထားခြင်းမရှိတဲ့ ဇာတိခံယူထားတာမရှိတဲ့ မွန်ဆိုပြီးပေါ့နော်။ ကိုယ်နေထိုင်ရာဆီ သူတို့ရောက်ရှိလာရင် ကိုယ့်မှာ (ဘတ်ပချာချွန်) ရှိမရှိ အဲဒီအတိုင်းပဲ Register လုပ်မယ်။ ၁၀ နှစ်ခံဘတ် ကိုင်ဆောင်ထားတဲ့ မွန် အဲလိုလက္ခဏာ ပြည့်စုံရင် တင်လို့ရမရ ကိုယ်စားလှယ်တွေက စစ်ဆေးဆုံးဖြတ်မယ်ပေါ့။ ကိုယ့်လူမျိုးစု လူဦးရေများရင် များသလို အခွင့်အရေးများလာနိုင်တာပေါ့။ အဓိကကတော့ လူဦးရေစာရင်းကောက်ပြီး လူဦးရေများရင် ပါဝင်ခွင့်များတယ်။ ကိုယ့်အသံ ကိုယ်စားပြုမှု များသွားတာပေါ့။
မေး။ ။ တရားဝင်မှတ်ပုံတင်ရလာမယ်ဆိုရင် ထိုင်း-မွန်မျိုးနွယ်စုတွေအတွက် အခွင့်အလမ်းကောင်းတွေ ဘယ်လို ပေါ်လာနိုင်မလဲ။
ဖြေ။ ။ ထိုင်းနိုင်ငံမှာရှိနေတဲ့ မွန်တွေ (ဘတ်ပချာချွန်) ရထားပြီးသားသူတွေဆို ထိုင်းနိုင်ငံသားကဲ့သို့ပဲ အခွင့်အရေး ပြည့်စုံပြီးသားပေါ့နော်။ အဲဒါကြောင့် အစပိုင်းကာလမှာ ဒီဥပဒေကို ထိုင်းနိုင်ငံက မွန်တွေ စိတ်မဝင်စားဖြစ်ကြဘူး။ ဒါပေမဲ့ မွန်အဖွဲ့အချို့ကျတော့ မွန်ရွှေ့ပြောင်းလုပ်သားအတွက်ဖြစ်ဖြစ်ပေါ့၊ ထိုင်းမှာ အလုပ်လာလုပ်တဲ့ မွန်တွေအတွက်၊ ထိုင်းနိုင်ငံမှာ နောက်ထပ်မွေးဖွားမယ့် ကလေးတွေအတွက် ပညာရေးအခွင့်အရေးတွေ၊ လူမျိုးရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ နှိမ့်ချပြောဆိုမှုတွေအစ ဒီဥပဒေကနေတစ်ဆင့် အကာအကွယ် ဖြစ်နိုင်တယ်ပေါ့။ ထိုင်းနိုင်ငံသား ခံယူခွင့်အထိတော့ မဟုတ်သေးဘူး။ လောလောဆယ်ကတော့ တိုင်းရင်းသား လူမျိုးလက္ခဏာနဲ့ ပြည့်စုံတယ်ဆိုပြီးတော့ ရိုးရာဓလေ့၊ ဘာသာ၊ နေထိုင်မှု၊ ဇာတိတို့ကို လုပ်ဆောင်ခွင့်ရှိတာပေါ့နော်။ အပြင်သွားရင် မွန်ဝတ်စုံဝတ်တာတို့၊ မွန်စာသင်တာကအစ အခြားကန့်ကွက်မှု ရှိလာရင်လည်း ဒီဥပဒေကနေ ကာကွယ်ဆန့်ကျင်လို့ရတယ်ပေါ့၊ ခံစားခွင့်ရှိတယ်ပေါ့။ မွန်ယဉ်ကျေးမှု၊ အနုပညာပိုင်း၊ မွန်စာပေသင်ကြားမယ့်အပိုင်း၊ မွန်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံကအစ ချပြနိုင်တယ်ပေါ့နော်။
မေး။ ။ မွန်တွေလိုပဲ အခြားတိုင်းရင်းသားတွေကရော တိုင်းရင်းသားမျိုးနွယ်စုမှတ်ပုံတင်ကိစ္စ ဘယ်လို အားထုတ်နေကြတာ ရှိလဲ။
ဖြေ။ ။ အများဆုံးတွေ့ရတာကတော့ ကရင်လူမျိုးပေါ့ ကြိုးပမ်းနေတာမျိုး ရှိတယ်။ ကရင်ထဲမှာလည်း အမျိုးမျိုးရှိတာပေါ့နော်။ ထိုင်းက မွန်တွေဆို ကိုယ့်ကိုယ်ကိုယ် ထိုင်းနိုင်ငံသားလို့ ခံယူထားပြီးတော့ အများကြီးမို့လို့ မကြိုးပမ်းဖြစ်တာက တစ်ကြောင်း၊ မွန်ရွှေ့ပြောင်းလုပ်သားဆိုရင်လည်း ဒီမှာအခြေချ နေထိုင်ဖို့ မဟုတ်ဘူးဆိုတာက တစ်ကြောင်းပေါ့။ ဇင်းမယ် (ချင်းမိုင်)၊ ချင်းရိုင်၊ နယ်စပ်မှာ နေထိုင်တဲ့ ကရင်လူမျိုးတွေဆို နယ်စပ်နဲ့ နီးစပ်တဲ့အတွက် ဥပဒေနဲ့လည်း ထိတွေ့မှုရှိတယ်။ သူတို့ဆို လူဦးရေ သိပ်မများပေမဲ့ စာရင်းအတိအကျ ပြင်ဆင်ထားတော့ သာသွားမယ်။ ဒါက အားနည်းချက်ပေါ့နော်။ အစ္စရေးတို့၊ တရုတ်တို့၊ ဗီယက်နမ်တို့၊ မူဆလင်တို့ကျတော့ မပါဝင်သေးဘူး။ ဒါကျတော့ မပါဝင်ဖြစ်တာက သူတို့အကြောင်းပြချက်နဲ့သူတို့၊ လူမျိုးချင်းလည်း မတူတော့ ကြိုးစားပုံ၊ နေထိုင်ပုံလည်း ကွဲပြားတဲ့အတွက် ထိုင်းမှာ တိုင်းရင်းသားမျိုးနွယ်စုအနေနဲ့ မပါဝင်ကြသေးဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ပေါ့ တိုင်းရင်းသားမျိုးနွယ်စု မှတ်ပုံတင်မယ့်ကိစ္စက ဘယ်လိုအရေးကြီးလဲ ဆိုတာနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မွန်လူမျိုးများ သိသင့်သိထိုက်တဲ့ ပြင်ဆင်ရမယ့် အချက်တွေကို ဖြည့်စွက်ပြောကြားပေးပါဦး။
ဖြေ။ ။ မွန်လူမျိုးတိုင်းပေါ့ ပါဝင်လို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စာရင်းလာကောက်တဲ့သူတွေ ရောက်လာရင်တော့ စာရင်းပေးထားစေချင်တယ်။ ပါဝင်ခွင့်ရှိမရှိကို ကိုယ်စားလှယ်တွေက စိစစ်ဆုံးဖြတ်မယ်။ ဒီဥပဒေကတော့ ကောင်းကျိုး၊ ဆိုးကျိုး ရှိနိုင်တယ်။ မွန်လူမျိုးတစ်စုတည်း ကိုယ်လိုချင်သလို ဥပဒေရေးဆွဲလို့ရတာ မဟုတ်ဘူး။ ကိုယ်စားလှယ်အားလုံး စုပေါင်းပြီး သဘောတူညီချက်နဲ့ ရေးဆွဲရမှာပါ။ ဒီဥပဒေကလည်း ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအောက်မှာ လုပ်ဆောင်ရတာဖြစ်လို့ လွတ်လွတ်လပ်လပ် ရေးဆွဲခွင့်၊ လုပ်ဆောင်ခွင့်တော့ မဟုတ်သေးဘူး။ ကိုယ့်အခွင့်အရေးနဲ့ လိုအပ်ချက်တွေကို ချပြပြောဆိုနိုင်တဲ့ အခွင့်အရေး ပိုရလာမှာပါ။ အဓိကတော့ ထိုင်းမှာရှိတဲ့ မွန်လူမျိုးတွေရဲ့ ရေစာရင်း၊ ဘယ်လိုကူညီနိုင်မလဲဆိုတာကို ဒီကိုယ်စားလှယ် သိရှိနိုင်လိုတယ်။ ကိုယ်စားလှယ်အနေနဲ့လည်း ထိုင်းနိုင်ငံက မွန်တွေ စိတ်ပါဝင်စားအောင် ရှင်းပြပေးဖို့လိုတယ်။ လက်ရှိမှာလည်း မွန်ယဉ်ကျေးမှုနဲ့ မွန်လက်ရာတွေကို အခြားသူတွေက စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်းအတွက် အသုံးပြုနေကြတာတွေ ရှိတဲ့အတွက် ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့ လက်ရာတွေကို ကိုယ်တိုင်ထိန်းသိမ်းပြီး ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။




