ပဲခူးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များ၊ ကျေးရွာများအအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ဟု မြို့ခံများထံမှ သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းသဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စ၍ ပဲခူးမြို့ အနိမ့်ပိုင်းနေရာများ ရေစတင်ဝင်ရောက်လာကြောင်း ယနေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် မြို့ပေါ်ရှိ ရပ်ကွက်များ၊ လမ်းမကြီးအချို့နှင့် အနိမ့်ပိုင်းနေရာအများအပြားတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“လတ်တလော ပဲခူးမြို့ပေါ်ရပ်ကွက်များဖြစ်ကြတဲ့ ကလျာဏီရပ်ကွက် နယ်မြေ (၄)၊ (၆)၊ (၁၆)၊ မြို့သစ်ရပ်ကွက်၊ မဇင်းနဲ့ သရက်တောအောက်ချိုင့်ပိုင်းများ၊ ဇိုင်းတောင်၊ မဟာမြိုင်၊ အောင်ဆေးရုံဘက်ခြမ်းရှိ ရပ်ကွက်အတွင်းပိုင်းမှာလည်း ရေဝင်ရောက်လျှက်ရှိနေပါတယ်” ဟု မြို့ခံက ပြောသည်။
ထို့ပြင် မြို့ပေါ်ရှိ လမ်းများဖြစ်သော မင်္ဂလာလမ်းမ၊ ကလျာဏီလမ်းသွယ် အများအပြား၊ ကွက်သစ်လမ်းများ၊ နတ်စဉ်ပိုင်းလမ်းနှင့် ပတ္တမြားလမ်းပိုင်းများတွင်လည်း ရေများဝင်ရောက်လျှက်ရှိကာ အနိမ့်ပိုင်းရပ်ကွက်အချို့တွင် လမ်းပေါ် ရေခါးလယ်ခန့်အထိ ရောက်ရှိနေသည့် နေရာများရှိကြောင်း ၎င်းမြို့ခံက ဆိုသည်။
ပဲခူးမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းကြောင့် စက်တင်ဘာ ၂ ရက်ကစပြီး စာသင်ကျောင်း ၁၄ ကျောင်းကို ယာယီပိတ်ထားရသည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မိုးဆက်လက်ရွာသွန်းနေသည့်အပြင် ပဲခူးမြစ်ရေလည်း မြင့်တက်နေသည့်အတွက် ရေဆက်လက်မြင့်တက်လာနိုင်သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဒီနေ့ မနက်ပိုင်းမှာ ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၁ ပေ ၅ လက်မခန့် ကျော်မြင့်နေပြီး နောက်၁ ရက်အတွင်းမှာလည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်သေးတယ်လို့ သတင်းထုတ်ပြန်ထားပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၅ လက်မခန့် ကျော်နေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်ရှိနိုင်သေးဟု ဆိုသည်။
အဆိုပါအခြေအနေများကြောင့် ပဲခူးမြစ်အနီးနှင့် ရေဝင်ရောက်နိုင်သည့် နေရာများမှ ပြည်သူများ မြစ်ရေမြင့်တက်မှုနှင့် မိုးရွာသွန်းမှုအခြေအနေများကို အထူးသတိပြုစောင့်ကြည့်ရန်နှင့် ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် တာဝန်ရှိသူတို့က သတိပေးနှိုးဆော်ထားသည်။
ပဲခူးအရှေ့ခြမ်းရှိ ရွှေကျင်မြို့နှင့် မဒေါက်မြို့တို့တွင်လည်း မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။




