Homeသတင်းရေး-ထားဝယ်ကားလမ်းပိုင်း မောင်မယ်ရှောင်ကျေးရွာအနီး လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ

ရေး-ထားဝယ်ကားလမ်းပိုင်း မောင်မယ်ရှောင်ကျေးရွာအနီး လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ

-

တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရသည့်နောက် အနီးတစ်ဝိုက်နေရာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မြေပြင် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကြောင်းတိုက်ခိုက်ခံရသည့် သြဂုတ် ၂၉ ရက်နေ့မှစ၍ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကော်မရှင်အမြှောက်တပ်ရင်း အမှတ် ၃၀၂ မှ မောင်မယ်ရှောင်ကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသလို K8W လေယာဉ်ဖြင့်လည်း ဗုံးသီးများ လာရောက်ကြဲချတိုက်ခိုက်နေသည်ဟု ဆိုသည်။

ထိုအခြေအနေကြောင့် မောင်မယ်ရှောင်အပါအဝင် အနီးတစ်ဝိုက်ရှိဒေသခံ ရာဂဏန်းနီးပါး ဘေးလွတ်ရာသို့ ယာယီတိမ်းရှောင်နေရကြောင်း စစ်ကြောင်းတိုက်ခိုက်မှုအတွင်း ပူးပေါင်းပါဝင်ခဲ့သည့် က္လားသစ္ဏတ်(ကျားသစ်နက်) စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက IMNA သို့ ပြောသည်။

“အခုထိ မောင်မယ်ရှောင်အနီးတစ်ဝိုက်ကို အမတ ၃၀၂ ကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ။ မနေ့ကတော့ တစ်ရက်လုံးနီးပါး ပစ်နေတာ။ ပြီးတော့ မောင်မယ်ရှောင်အနီးက ရေဝိုင်းရွာအနီး အနားကိုလည်း K8W နဲ့ ဗုံးလာကြဲနေတယ်။ ပြည်သူတွေတော့ အထိအခိုက်မရှိခဲ့ဘူး” ဟု ဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်က ထားဝယ်မြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ ၄၀၅၊ ခမရ ၄၀၆ နှင့် ခြေလျင်တပ်ရင်း ခလရ ၂၆၇ မှ အင်အား ၈၀ ကျော်ပါဝင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသွား စစ်ကော်မရှင်စစ်ကြောင်းကို မောင်မယ်ရှောင်ကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက် ၁၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း (ကျားသစ်နက်) စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

“တိုက်ပွဲကတော့ မောင်မယ်ရှောအနီးမှာ ၂ နာရီကျော် ဖြစ်သွားတယ်။ မျက်မြင်ရှေ့မှာတော့ ၈ ယောက် ကျသွားတယ်။ စုစုပေါင်းတော့ ၁၅ ယောက် ကျတယ်။ ဒဏ်ရာရသူကလည်း တော်တော်များတယ်။ အဲကြောင့် သူတို့က ထားဝယ်ဘက်ကိုပဲ ပြန်ဆုတ်သွားတယ်။” ဟု ၎င်းက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ MA-1 ၆ လက်၊ MA-3 ၂ လက်၊ ကျဉ်ဘောက် ၁၁ ခု၊ ကျဉ် ၂၀၀ နှင့် အခြားဆက်စပ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ တိုက်ပွဲဖြစ်ပွားစဉ် ရေး-ထားဝယ် ကားလမ်းပိုင်း ခေတ္တပိတ်ထားခဲ့ပြီး ညနေပိုင်းတွင် ပြည်လည်ဖွင့်ပေးသည့် အချိန်မှစ၍ လက်နက်ကြီးပစ်ခတ်သံ စတင်ကြားရကြောင်း ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်မှ စစ်ကြောင်းများ ပြန်လည်ထိုးဝင်လာနိုင်သည့်အပြင် လေကြောင်းဖြင့်လည်း ဆက်လက်အသုံးပြုတိုက်ခိုက်နိုင်တာကြောင့် အသက်အန္တရာယ်မဖြစ်စေရေး အထူးဂရုပြု နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts