မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဓါးပြတိုက်မှု ဖြစ်စဉ်တွင် ကျူးလွန်သူ ဟုယူဆရသူများအား ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
ဓါးပြတိုက်မှုဖြစ် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေမှုများလုပ်ဆောင်ခဲ့ရာမှ အခင်းဖြစ်ပွားခဲ့သည့်နေ့တွင်ပင် အဓိကတရားခံဖြစ်သူ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်နေ အိမ်ခြေမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည့် ဒေါ်စန်းအေး ဆိုသူအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။
ဒေါ်စန်းအေး၏ ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့ကြသည့် အထွန်းချေ၊ စောတင်ရဲအောင်၊ စောဖိုးကျော်၊ မင်းထက်သာနှင့် မင်းကိုဆိုသူတို့ကို သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

“ဒေါ်စန်းအေးရဲ့ ဝန်ခံထွက်ဆိုချက်တွေအရ ပါဝင်တဲ့လူတွေအားလုံးကို ဖမ်းဆီးရမိထားတယ်။ စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲပါ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ်ကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်က မျက်နှာဖုံးအနက်ရောင်စွပ်ထားပြီး လက်အိတ်များ ဝတ်ဆင်ထားကာ ပစ္စတို သေနတ်များ ကိုင်ဆောင်ထားသည့် လူ ၃ ဦးက ဓါးပြဝင်တိုက်ခဲ့သည်။
ဓါးပြဝင်တိုက်သူများသည် အရောင်းဆိုင်ဘေး ဆောက်လက်စအဆောက်အဦးငြမ်းပေါ်ကနေတဆင့် နေအိမ် တတိယအထပ်သို့ တွယ်တက်ပြီး သံဗန်းတံခါးဖျက်၍ အိမ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အိမ်ထဲတွင် ရှိနေသည့် အိမ်ရှင်တူမနှင့် ဝန်ထမ်းအမျိုးသမီးနှစ်ဦးတို့ကို တိပ်အဝါဖြင့် နောက်ပြန်တုတ်ချီပြီး စာရွက်စာတမ်းများနှင့် မီးခံသေတ္တာကို ယူဆောင်သွားခဲ့သည်။
ဓါးပြတိုက်မှုတွင် စာရွက်စာတမ်းများနှင့် မီးခံသေတ္တာထဲတွင် ရွှေအပိုင်း၊ ရွှေဆွဲကြိုး၊ စိန်ဆွဲကြိုး၊ စိန်လက်စွပ်၊ စိန်လက်ကောက်၊ ငွေ စုစုပေါင်း တန်းဖိုး ကျပ်သိန်းပေါင်း ၅၀၈၅၀ ရှိသည်ဟု ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။




