မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းနှင့် မြစ်ကမ်းအနီးနေထိုင်သည့် ဒေသခံ ၄၀၀ ကျော် အရေးပေါ်ပြောင်းရွှေ့ထားရသည်ဟု ဒေသခံနှင့် အကူအညီပေးနေသူတို့ထံမှ သိရသည်။
ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဘီးလင်းမြစ်ရေ မြင့်တက်လာပြီး စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည်။
ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းနေရာတို့တွင် ရေဝင်ပြီး ရပ်ကွက်၊ ကျေးရွာရှိ အိမ်ခြေ ၁၀၀ ကျော်တို့မှ လူဦးရေ ၄၀၀ ကျော်တို့ကို မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းတို့ ပူးပေါင်းပြီး စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ယာယီကယ်ဆယ်ရေးစခန်းသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့သည်။

လက်ရှိတွင် ဘီးလင်းမြို့ပေါ်ရှိ မြို့နယ်အားကစားခန်းမအပါအဝင် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားသည်ဟု အကူအညီပေးနေသူတို့က ပြောသည်။
“မိုးရွာနေရင် မြစ်ရေက ထပ်တက်လာနိုင်တယ်။ မြစ်ရေ တက်လာတဲ့အခြေအနေကို စောင့်ကြည့်နေရမယ်။ မြင့်ရေတက်ရင် အနိမ့်ပိုင်းနဲ့ မြစ်နားနေသူတွေ သတိထားရမယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းတလျှောက်ကျေးရွာများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သေးသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာက ထုတ်ပြန်ထားချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနိုင်သည့်အတွက် မြစ်ကမ်းတလျှောက်နှင့် မြေနိမ့်ပိုင်းနေသူများ သတိပြုနေထိုင်ရန် မိုးဇလက သတိပေး နှိုးဆော်ထားသည်။
ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ ရေဘေးကြုံရသလို ဧကထောင်နှင့်ချီသည့် စပါးခင်းများလည်း ပျက်စီးရှိခဲ့သည်။
အလားတူ မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ်တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး လူဦးရေ ၃၀၀၀၀ ကျော် ရေဘေးသင့်နေသည်။




