Homeသတင်းစစ်ခေါင်းဆောင် ပြည်ပခရီးစဉ် ဆက်တိုက်သွားနေ

စစ်ခေါင်းဆောင် ပြည်ပခရီးစဉ် ဆက်တိုက်သွားနေ

-

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် ပြည်ပခရီးစဉ်များကို ဆက်တိုက်သွားရောက်နေသည်ကို တွေ့ရသည်။ လာမည့်ရက်ပိုင်းတွင်လည်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ အဖွဲ့အစည်း တရားဝင်မှုရရှိရေး မည်သည့်နည်းလမ်းဖြင့်မဆို နိုင်ငံတကာကို သွားရောက်ချဉ်းကပ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ဆိုသည်။

“မအလကတော့ သူ့ကို တရားဝင်မှု သူ့ရဲ့ Legality ရဖို့အတွက်ဆိုရင် အကုန်လုံးကို ရှင်းရှင်းပြောရရင် ခေါင်းငုံ့ပြီး ဝင်မှာပဲ၊ ဘာဖြစ်လို့လဲဆိုရင် အခု သူက တရားမဝင်၊ အကုန်လုံးကို သူတို့ နှစ်ပေါင်းများစွာ ရေးဆွဲထားတဲ့ ဥပဒေကိုကအစ သူကိုယ်တိုင် ချိုးဖောက်တယ်။ ပြည်သူကလည်း လုံးလုံးလက်မခံဘူးဆိုတာလည်း သူသိတယ်။ အိမ်နီးချင်းနိုင်ငံတွေကအစ လက်မခံခဲ့ဘူးဗျ။ သူကတော့ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ ထွက်ပေါက်ရှာတယ်။ အဲဒီတော့ အဲဒီကနေ သူ့ကို အသိအမှတ်ပြုဖို့ တရားဝင်မှုပြုဖို့ဆိုပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တရုတ်တို့လို စစ်ရေးဆိုင်ရာ အထောက်အပံ့အများကြီး ပေးနေတဲ့ ရုရှား၊ မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုကြီးတဲ့ အိမ်နီးချင်းနိုင်ငံ ထိုင်း၊ အိန္ဒိယ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပြီး သူကတော့ အဲဒီနိုင်ငံတွေကို ဝင်ပြီး ပူးခြင်းဖြစ်တယ်” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က IMNA ကို ပြောသည်။

ပြည်ပခရီးစဉ်သွားရောက်ရာတွင် စစ်ခေါင်းဆောင်သည် မြန်မာနိုင်ငံရှိ သယံဇာတအရင်းအမြစ်များကို လျှော့ဈေးဖြင့် ပေးလေ့ရှိကြောင်းနှင့် မည်သည့်နိုင်ငံမဆို ၎င်းတို့အကျိုးစီးပွားအတွက် ရယူမည်ဖြစ်ပြီး စစ်အုပ်စုကို အခွင့်အရေးအနည်းငယ် ပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ခေါင်းဆောင် သွားရောက်မည့် ဗီယက်နမ်ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ ဗီယက်နမ်ရှိ ဒီဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို လေ့လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးကိစ္စရပ်များလည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

သံတမန်ရေးနှင့် စီးပွားရေးလာရောက် ရင်းနှီးမြှုပ်နှံရန် စသည့်ကိစ္စရပ်များကြောင့် ဦးမင်းအောင်လှိုင်က ပြည်ပခရီးစဉ်ကို သွားရောက်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက IMNA ကို ပြောသည်။

“အဓိကတော့ သံတမန်ပါ၊ သံတမန်က အဓိက သူ့ကို (ဦးမင်းအောင်လှိုင်) ခေါ်တွေ့တယ်၊ ဘာကိစ္စပဲ ဆွေးနွေးဆွေးနွေး၊ သူ့ကို ကြိုဆိုတယ်ဆိုရင် တရားဝင်မှုရတယ်လို့ တွက်တာပေါ့၊ နောက်တစ်ဖက်ကလည်း တိုင်းပြည်မှာ ဘက်စုံကျဆင်းနေတာလေ၊ စီးပွားရေးတွေက ရင်းနှီးမြှုပ်နှံမှုရော နိုင်ငံတကာရော၊ ပြည်တွင်းရော စီးပွားရေးတွေရော အားလုံး ခြွတ်ခြုံကျနေတဲ့အပေါ်မှာ ကယ်ထုတ်ဖို့ နည်းလမ်းက ဆေးမှီးတိုပေါ့ဗျာ၊ အဲဒီအဖွဲ့အစည်းတွေကနေပြီးတော့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ပေါ့၊ မူရင်းသယံဇာတ ကိုယ့်နေရာနဲ့ကိုယ် ရပ်တည်နိုင်တဲ့ဟာတွေက ပျက်စီးကုန်ပြီ၊ အခုက ရေဘေးကပါ ထပ်ဝင်လာတော့ အဖတ်ဆယ်လို့ မရတဲ့အခါကြတော့ သံတမန်အရ ဦးစားပေး သွားတွေ့တယ်။ နှစ်ကျတော့ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်မယ်၊ ဒီနှစ်ခုပါ ရည်ရွယ်ချက်ကတော့” ဟု ပြောသည်။

ဦးမင်းအောင်လှိုင်သည် သမ္မတရာထူးကို ရယူခဲ့ပြီးနောက် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ထိုင်း၊ လာအိုနိုင်ငံတို့သို့ ဆက်တိုက်သွားရောက်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ဗီယက်နမ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

“သူ့ကိုက အကုန်လုံးက အတုအယောင်သမ္မတလို့ ပြောနေတဲ့ဟာကို သူ့ကိုယ်သူကတော့ သူသည်ပင် အစစ်အမှန်သမ္မတဆိုတဲ့ဟာကို လူလုံးပြ ကြွားဝါတဲ့အနေနဲ့ သွားနေတာလို့ပဲ မြင်ပါတယ်ခင်ဗျ” ဟု ဦးမျိုးကျော်က ပြောသည်။

ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူလူထုတို့ လက်မခံသော အတုအယောင်ရွေးကောက်ပွဲကို စစ်အုပ်စုက ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မဲအများအပြားဖြင့် အနိုင်ရရှိခဲ့သော်လည်း သမ္မတရာထူးကို ရယူနိုင်ခဲ့ခြင်းမရှိပေ။

သို့သော်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က သမ္မတရာထူးကို ရယူခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts