မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်နှင့် ညောင်ပင်ဆိပ်ရပ်ကွက်တွင် ရေနစ်သေဆုံးမှု ၂ ခုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
သြဂုတ် ၃၁ ရက်နေ့ နေ့လည်ပိုင်းက မုပွန်ရပ်ကွက်၊ ထွန်းသဲဆိပ်တွင် အလုပ်လုပ်ကိုင်နေသူ အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး လှေပေါ်မှ ခြေချော်ကာ သံလွင်မြစ်အတွင်း ပြုတ်ကျသေဆုံးခဲ့ရပြီး အလောင်းကို ရေငုပ်သမားအကူအညီဖြင့် ရှာဖွေခဲ့ရကြောင်း သိရသည်။
“ သဲစုပ်တဲ့လှေကလည်း ကမ်းမှာပဲ ကပ်ထားတာ။ လှေပေါ်ကနေ အလုပ်လုပ်နေရင်းမှ ခြေချော်ပြီးတော့ မြစ်ထဲကနေ ပြုတ်ကျသွားတာ။ အဲကြောင့်မို့ မြစ်ထဲသွားလုပ်ရတဲ့အခါ မဟုတ်တော့ အသက်ကယ်အင်္ကျီတွေဘာတွေ မရှိဘူး။” ဖြစ်စဉ်အား ကူညီပေးခဲ့ရသည့် မော်လမြိုင်မြို့လူမှုကယ်ဆယ်ရေးအသင်းဝင် တစ်ဦးက ပြောသည်။
မြစ်ကမ်းစပ်နားတွင် လှေကပ်ထားပြီး လှေပေါ်မှသဲများကို စုပ်ယူနေသောကြောင့် အလုပ်ခွင်အတွင်း အသက်ကယ်ပစ္စည်းများ အသုံးပြုခြင်းမရှိကြောင်းလည်း သိရသည်။
အလားတူ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ကလည်း မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း နေအိမ်အနီးချောင်းတစ်ခုအတွင် ရေနစ်သေဆုံးမှုဖြစ်ခဲ့သေးကြောင်းလည်း သိရသည်။
ရေနစ်သေဆုံးသူများကို စစ်ကော်မရှင် သက်ဆိုင်ရာအဖွဲ့များက လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူမှုကူညီရေးအဖွဲ့များက မော်လမြိုင် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်။
မော်လမြိုင်သည် မြစ်ကမ်းပါးနှင့်နီးစပ်သည့်အပြင် ရေကြီးရေလျှံမှုလည်းဖြစ်နေသဖြင့် အနီးတဝိုက် နေထိုင်သူများ သတိရှိရန် လိုအပ်သည့်အပြင် ဘေးအန္တရာယ်ကြုံတွေ့ရပါက မြို့တွင်းလူမှုကယ်ဆယ်ရေးအဖွဲ့များအား အမြန်ဆုံးကြောင်းကြားရန်လည်း လူမှုကူညီရေးအဖွဲ့များက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်တွင် ကုန်ပစ္စည်းနှင့် တင်ဆောင်ထားသည့်လှေသည် တိမ်းမှောက်၍ ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံးခဲ့ရသေးကြောင်း သိရသည်။





ပုံ-zin moe




