Homeသတင်း၅ နှစ်အတွင်း PDF ထောက်ပို့တပ်သား ၅ သောင်းကျော် လျော့ကျသွားဟု PRF ထုတ်ပြန်

၅ နှစ်အတွင်း PDF ထောက်ပို့တပ်သား ၅ သောင်းကျော် လျော့ကျသွားဟု PRF ထုတ်ပြန်

-

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် ပြီးခဲ့သည့် ၅ နှစ်အတွင်း လျော့ကျသွားကြောင်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF က ထုတ်ပြန်ပြောဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် ထောက်ပို့တာဝန်မှ ရပ်နားထားသူများလာပြီး ပြီးခဲ့သည့်လပိုင်းအတွင်း ဆက်တိုက် လျော့ကျသွားသည်ဟု သိရသည်။

ထောက်ပို့တပ်သားများသည် အစုလိုက်အပြုံလိုက် ရပ်နားသွားခြင်း မဟုတ်ဘဲ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ အကြောင်းအမျိုးမျိုးကြောင်း ရပ်နားသွားကြောင်း PRF မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ထောက်ပို့တပ်သားဆိုတာက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် လစဉ်လတိုင်း အလှူငွေထောက်ပံ့ပေးနေသူတွေပါ။ တစ်ချို့က ၂၀၂၃၊ ၂၀၂၄ အဲဒီလို တစ်ဖြည်းဖြည်းနဲ့ ရပ်နားသွားကြတယ်။ ထောက်ပို့တပ်သား ၅ သောင်းလျော့သွားတယ်ဆိုတာကလည်း ၅ နှစ်တာ ကာလရဲ့ စုစည်းထားတဲ့ စုစုပေါင်း အရေအတွက်ပါ။ ဒါပေမဲ့ ဒီ ၂ လအတွင်းမှာတော့ တော်တော်ကို ထိုးကျသွားတော့ ၅ သောင်းအထိ ရှိလာတယ်” ဟု IMNA သို့ ပြောသည်။

လက်ရှိတွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်ထောက်ပို့နေသူ နှစ်သောင်းဝန်းကျင် ကျန်ရှိနေကြာင်း၊ တော်လှန်ရေးအတွက် မရပ်မနား အင်တိုက်အားတိုက် ဆက်လက်ထောက်ပံ့ပေးလျှက် ရှိကြောင်း ဆိုသည်။

တော်လှန်ရေးအချိန်ကြာလာရှည်ကြာလာချိန် အချင်းချင်း ယုံကြည်မှု နည်းပါးလာခြင်းနှင့် ပြည်သူလူထုကို ပွင့်လင့်မြင်သာစွာ စာရင်းဇယား ရှင်းလင်းမှု အားနည်းခြင်းသည် ထောက်ပို့တပ်သားများ လျော့ကျလာရသည့် အကြောင်းအရင်းများ ဖြစ်နိုင်သည်ဟု ပြည်ပနိုင်ငံရောက် တော်လှန်ရေးထောက်ပို့နေသူတစ်ဦးက ပြောသည်။

“ တော်လှန်ရေးအပေါ် ယုံကြည်မှု၊ စိတ်ဝင်စားမှု လျော့နည်းလာတာလည်း ဖြစ်နိုင်တယ်ပေါ့။ တော်လှန် ရေးကလည်း အရှိန်မမြှင့်နိုင်တော့ဘူး၊ လစဉ်လတိုင်းတော့ ထောက်ပံ့နေရတယ်ဆိုတော့ ဘယ်ဟုတ်တော့မလဲပေါ့နော်။ ဒီအရာတွေအပြင် တစ်ခြားအကျပ်အတည်းတွေလည်း ရှိနိုင်တာပေါ့ နော်” ဟု အထက်ပါ သူက ပြောသည်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF သည် ပြည်တွင်း၊ ပြည်ပရှိ ထောက်ပို့တပ်သားများ၏ လစဉ် အလှူငွေများဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းများထံ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ထောက်ပို့ငွေများကို တပ်ရင်းရိက္ခာနှင့် အထွေထွေ အသုံးစရိတ်အပြင် အခြားသော စစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ လေ့ကျင့်ရေးနှင့် မဟာမိတ်မျှဝေမှုများအတွက် အသုံးပြုလျှက်ရှိကြောင်းလည်း သိရသည်။

ထောက်ပို့တပ်သားမှ ရပ်နားခဲ့သူများအနေဖြင့် တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ အားအင်အသစ်နှင့်အတူ ပြန်လည် တာဝန်ထမ်းဆောင်စေလိုကြောင်းနှင့် ထောက်ပို့တပ်သားသစ်များကို လှိုက်လှဲစွာဖိတ်ခေါ်ကြောင်းလည်း တိုက်တွန်းထားသည်။

“အခုက ပျမ်းမျှ ၂ သောင်းဝန်းကျင်တော့ ရှိပါတယ်။ ဒီလူတွေက လစဉ်မပျက်မကွက်ဘဲ ထောက်ပို့ တာဝန်ကို ခိုင်ခိုင်မာမာ ထမ်းဆောင်နေကြတဲ့ အမာခံထောက်ပို့တွေပေါ့လေ။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ထောက်ပို့တပ်သားအဖြစ်ကနေ ရပ်နားသွားခဲ့တဲ့ လူတွေကိုလည်း PRF နဲ့ ပူးပေါင်းပြီး ပြန်လည်တာဝန်ထမ်းဆောင်စေချင်တယ်။ ထောက်ပို့တပ်သားသစ်တွေကိုလည်း ဒီကနေ ဖိတ်ခေါ်ပါတယ်” ဟု PRF ပြန်ကြားရေး တာဝန်ခံက တိုက်တွန်းသည်။

တော်လှန်ရေးယန္တရားကြီး ပုံမှန်လည်ပတ်နိုင်ရန် ထောက်ပို့တပ်သားများသည် မရှိမဖြစ် လိုအပ်နေသည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး တာဝန်မှ ရပ်နားသူများပါက ရှေ့တန်းတွင် အသက်ပေးတိုက်ပွဲဝင်နေသည့် ရဲဘော်များ၏ ရှင်သန်မှုကလည်း ရပ်တန့်သွားမည်ဖြစ်ကြောင်း PRF က သတိပေးပြောဆိုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts