မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ ၂၀ ကျော်က အိမ်ခြေ ၆၀၀၀ ခန့် ရေကြီးနစ်မြုပ်နေပြီး၊ လူဦးရေ သုံးသောင်းနီးပါး ရေဘေးသင့်နေသည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ကျိုက်မရောမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရှင်စောပု၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ ဦးလေး၊ နိတုံ၊ ဘိန်းဗျော၊ ရေပူ၊ မယ်ကရို၊ ကွမ်းငန်၊ အတ္တရံ၊ ဖနုံ၊ လမုခို၊ လှာကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်၊ ရေပူကော့စပ် အစရှိသည့် ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
ရေကြီးနစ်မြုပ်နေသည်မှာ တစ်ပတ်ခန့်ကြာလာပြီးဖြစ်သော် မိုးဆက်လက်ရွာသွန်းနေသည့်အပြင် အတ္ထရံမြစ်ရေလည်း ဆက်လက်မြင့်တက်နေသည့်အတွက် ရေကျသွားခြင်းမရှိပဲ ရေဆက်တိုးနေဆဲဟု ကျိုက်မရောဒေသခံတို့က ပြောသည်။

“ဒီနေ့ (ဩဂုတ် ၃၀) လည်း မိုးက အဆက်မပြတ်ရွာနေပါတယ်။ မိုးရော လေရောပဲ။ ရေကလည်း ရေထရက် မြစ်ရေကလည်း တလဟော စီးဆင်းနေတယ်။ အားလုံး ရေမြုပ်သွားပြီ။ အားလုံး သတိဝိရိယနဲ့ နေကြပါ” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူ ၄၀၀ ကျော်ကို ကျိုက်မရောမြို့ပေါ်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းနှင့် ချောင်းနှစ်ခွ၊ ဦးလေး၊ အတ္ထရံ၊ ရေပူကော့စပ်၊ လှာကဇိုင်း၊ ငပြေမကျေးရွာရှိ ဘုန်းကြီးကျောင်း၊ နေအိမ်အချို့တို့တွင် ယာယီပြောင်းရွှေ့နေထိုင်နေကြသည်။
ရေကြီးနစ်မြုပ်နေသည့်အတွက် ကျိုက်မရောမြို့နယ်ပေါ်က စာသင်ကျောင်းများအပါအဝင် စာသင်ကျောင်းပေါင်း ၂၀ ကျော်လည်း ပိတ်ထားရသည်။
ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်တို့က သောက်သုံးရေ၊ အစားအသောက်၊ ထမင်းထုပ်များ လာရောက်လှူဒါန်းပေးနေပြီး အချို့ အလှူရှင်မရောက်သည့် ကျေးရွာများလည်း ရှိနေသည်ဟု သိရသည်။
ရေကြီးနစ်မြုပ်သည့်ရက်ကြာလာသည့်အတွက် သောက်သုံးရေ၊ အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိလာသည်ဟုလည်း ဒေသခံတို့က ပြောသည်။
မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ ရေးမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။
လက်ရှိတွင် မွန်ပြည်နယ်နေရာအများစုက ရေပြန်ကျသွားသော်လည်း ကျိုက်မရောမြို့နယ်အတွင်း ရေပြန်မကျပဲ ရေနေ့စဉ်တိုးလာနေသည့်အနေအထားရှိနေသည်။




