ထိုင်း – မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဩဂုတ် ၁၉ ရက်နေ့မှာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံမှုအတွင်း နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ကိစ္စရပ်များနှင့် လက်နက်ခဲယမ်း မှောင်ခိုင်ရောင်းဝယ်မှုများကို ပူးပေါင်းထိန်းသိမ်းတိုက်ဖျက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးမှာ မရှိမဖြစ်လိုအပ်ခြင်းကြောင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆိုသည်။

ဘုရားသုံးဆူဒေသခံတစ်ဦးက “ရဲဝင်းဦးက တပ်ချုပ်ဖြစ်လာပြီးတဲ့နောက်ပိုင်း လွှတ်တော်တွေ ဘာတွေဖွဲ့ခဲ့တယ်။ ကာချုပ် မင်းအောင်လှိုင်က သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်း ရက် ၁၀၀ စီမံကိန်းဆိုတဲ့ အစီအစဉ်တွေက ပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ရက် ၁၀၀ စီမံကိန်းတွေထဲမှာမှ နယ်စပ်ဒေသတစ်လျှောက်မှာ ရှိနေတဲ့ ဒေသတွေ အားလုံးကို လက်နက်ကိုင်အဖွဲ့အစည်းတွေဆီကနေ ပြန်လည်ပြီးတော့ တောင်းယူခဲ့တာ ရှိသလို၊ ပြန်လည်ပြီးတော့ တိုက်ခိုက်တာတွေလည်း ရှိတယ်။ နယ်စပ်ဒေသအမြောက်အများက စစ်ကော်မရှင် လက်အောက် ပြန်ရောက်ခဲ့တာတွေ ရှိတာပေါ့နော်” ဟု ပြောသည်။
နှစ်နိုင်ငံတပ်ချုပ်တို့ တွေ့ဆုံရာတွင် နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို ဖြိုချဖျက်ဆီးမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများအပြင် နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား လေ့ကျင့်ရေးဆိုင်ရာများ၊ သင်တန်းများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြသည်။
(၉) ကြိမ်မြောက် ထိုင်း – မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တက်ရောက်ရန် တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ တခြားသော အရာရှိကြီးများ လိုက်ပါခဲ့ကြသည်။
ထိုင်း – မြန်မာ နယ်စပ်တစ်လျှောက်တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း အခြေပြုလှုပ်ရှားကြသလို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အသီးသီးလည်း လှုပ်ရှားလျက်ရှိနေသည်။



