မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းနေရာတွင် ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။
ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြား ကားလမ်းပိုင်းတွင် ညကစပြီး ရေစတက်လာကြောင်း ယနေ့ နံနက်ပိုင်းတွင် ကားလမ်းရေကျော်ပြီး ဖြတ်သန်းသွားလာရန် ခက်ခဲလာသည်ဟု ဆိုသည်။
ကားလမ်းပေါ် ရေစီးသန်နေသည့်အတွက် ဆိုင်ကယ်နှင့် အိမ်စီးကား၊ ကားအသေးများ ဖြတ်သန်းသွားလာမရတော့ဘူးဟု ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်ကယ်၊ အိမ်စီးကား ကားအသေးတွေပေါ့ ဖြတ်လို့မရတော့ဘူး။ ရေစီးသန်တော့ ဖြတ်ရင် အန္တရာယ်များပါတယ်။ ကားအကြီးတွေတော့ ဖြတ်တော့ ဖြတ်နေသေးတယ်။ ဒီထက် ပိုဆိုးလာရင် ကားအကြီးတွေလည်း ဖြတ်လို့ မရလောက်တော့ဘူး” ဟု နှီးပဒေါဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လမ်းပိုင်းကို အသုံးပြုမည်ဆိုပါက လမ်းခရီးအခြေအနေကို ကြိုတင်စုံစမ်းကြပါရန်နှင့် ရေကျော်နေသည့် လမ်းပိုင်အား အတင်းဖြတ်သန်းမောင်းနှင်ခြင်း မပြုကြရန် ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တို့က တိုက်တွန်းနှိုးဆော်ထားသည်။
ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်ကားလမ်းပိုင်းနေရာတွင်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့က ကားများ၊ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ သံဖြူဇရမြို့အနီး ဖေါင်စိန်ကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းကစပြီး ကားလမ်းရေကျော်မှု ဖြစ်ပွားနေသည်ဟု ဒေသခံတို့က ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ အနိမ့်ပိုင်း လူနေရပ်ကွက် ကျေးရွာအချို့တို့တွင်လည်း ရေဝင်မှုဖြစ်ပွားနေသည်လည်းရှိသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာ၏ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရုတ်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများ မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ရေကြီး ရေလျှံမှု သတိပြုရန် မိုးဇလက ထုတ်ပြန်ထားသည်။









