လတ်တလော စတားလင့်ဂြိုလ်တုအင်တာနက်ကုမ္ပဏီ၏ မူဝါဒအပြောင်းအလဲများကြားတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ မည်သို့ ဆက်လက်ရပ်တည်နေသည်ကို စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
တရားဝင်သုံးစွဲခွင့်ပြုထားသည့် ဒေသများမှ စက်များကို သုံးစွဲခွင့်ရပ်တန့်မည့် စတားလင့်၏မူဝါဒကြောင့် တော်လှန်ရေးဒေသမှ လူထု၊ အဖွဲ့အစည်းများအပြင် ကရင်ပြည်နယ် နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများလည်း လုပ်ငန်းဆက်လက်လည်ပတ်ရန် အပြောင်းအလဲများ ရှိလာသည်။
စစ်တပ်အာဏာသိမ်း အစောပိုင်းကာလများတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ငွေလိမ်လုပ်ငန်းများအတွက် လျှပ်စစ်နှင့် အင်တာနက်ကို ထိုင်းနိုင်ငံဘက်ခြမ်းက ရရှိခဲ့သည်။
သို့သော် နိုင်ငံတကာက ကျားဖြန့်လုပ်ငန်းများကို အာရုံစိုက်လာချိန် ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးဟုဆိုကာ မြဝတီအပါအဝင် မြန်မာဘက်သို့ သွယ်တန်းထားသည့် လျှပ်စစ်နှင့် အင်တာနက်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် အပြီး ဖြတ်တောက်လိုက်သည်။

ထိုအချိန်မှ စတင်ကာ စတားလင့်စက်များကို ကျားဖြန့်လုပ်ငန်းအဆောက်အဦးများ၏ အပေါ်ဆုံးထပ်များတွင် တဆတဆ ပိုများလာသည်ကို တွေ့လာရရာက စတားလင့်သည် အဆိုပါလုပ်ငန်းများလည်ပတ်ရန် အဓိက လိုအပ်ချက်တစ်ခုပင် ဖြစ်လာခဲ့သည်။
ယခုအခါ အဆိုပါ အကြပ်အတည်းအခြေအနေကို ပြန်ရောက်မည်ဟု ယူဆနေကြသော်လည်း အမှန်တွင် ကျားဖြန့်လုပ်ငန်းရှင်များက အင်တာနက် လိုအပ်ချက်အတွက် ကြိုတင်ပြင်ဆင်ပြီး ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် အထူးသဖြင့် မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို အစဉ်တစိုက် လေ့လာစောင့်ကြည့် ထောက်လှမ်းနေသော ထိုင်းအမျိုးသမီး နက်တီက “နယ်စပ်အနီးက ကျားဖြန့်လုပ်ငန်းတွေက ထိုင်းဘက်ခြမ်းကနေ 5 G အင်တာနက် ဆက်ပြီး ရနေတာရှိပါတယ်။ နောက်ပြီး သူတို့မှာ Internet Booster လိုမျိုး လိုင်းစွဲအားပိုကောင်းအောင် လုပ်တဲ့ Device တွေလဲ ရှိနေပါတယ်” ဟု ပြောပြသည်။
နာမည်ကြီး ရွှေကုက္ကိုလ်၊ KK Park တို့ကို စစ်တပ်က နိုင်ငံတကာဖိအားများကြောင့် ဖြိုချပြသော်လည်း သောင်ရင်းမြစ်ကမ်းဘေးတွင်ပင် ကျားဖြန့်လုပ်ငန်းခွင်အသစ်များ အရှိန်အဟုန်ဖြင့် ထပ်မံပေါ်ပေါက်နေကြောင်း နက်တီက ဆက်ပြောသည်။
အခြားတဘက်တွင် ကျားဖြန့်လုပ်ငန်းခွင်အချို့ နယ်စပ်ကို စွန့်ခွာသွားကြသည်။
ရွေကုက္ကိုလ်မှ ကျားဖြန့်လုပ်ငန်းအချို့ ဒေါနတောင်ခြေရှိ သေ့ကတေရွာဘက်၊ ကျောက်ခတ်မှ ကျားဖြန့်များမှာ လှိုင်းဘွဲ့အပါအဝင် ဘားအံနှင့် အနီးတဝိုက် တောအုပ်များအတွင်း ပြောင်းရွှေ့သွားသည့် အထောက်အထားများ ထွက်ပေါ်ခဲ့သည်။
အဆိုပါဒေသများသည် နယ်စပ်နှင့် ဝေးသော်လည်း စစ်တပ်ပိုင် မိုင်တဲအပါအဝင် ဆက်သွယ်ရေးအော်ပေရေတာများ ကောင်းမွန်စွာရနေသေးသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့အား ဖုန်းလိုင်းနှင့် အင်တာနက်များ ဖြတ်တောက်ခဲ့သော်လည်း တိုက်ပွဲများ ရှိခဲ့သည့် ကရင်ပြည်နယ် မပါဝင်ခဲ့ပေ။
“ဟို ပြီးခဲ့တဲ့ ၂ လကတော့ တိုင်တွေ ပြတ်လို့ဆိုလားပဲ ပြတ်သွားတယ်။ အဲ့အချိန် အကုန်လုံးက ဒီဘက်မှာ စတားလင့် သုံးတယ်လေ။ VPN မလိုတာရော ဘာရောကြောင့်ပေါ့။ အခု စတားလင့်သတင်းတွေ ထွက်ပြီး မိုင်တဲဝိုင်ဖိုင် ပြန်ရပြီ။ ပြီးခဲ့တဲ့ ၂ ပတ်လောက်ထဲက ပြန်ရတာ” ဟု မင်းလက်ပံ ရွာခံတစ်ဦးက ပြောသည်။
မြဝတီမြို့ မြောက်ဘက်၊သေ့ကတေရှိ ကျားဖြန့်လုပ်ငန်းများမှာ အနီးနားရှိ မိုင်တဲတာဝါတိုင်မှ အင်တာနက်ရရှိနေကြောင်း သတင်းရင်းမြစ်က ပြောပြသည်။
IMNA ၏ စုံစမ်းချက်အရ ယခင် စတားလင့်အင်တာနက်ကို အားမထားရခင်အချိန်က ကျားဖြန့်လုပ်ငန်းခွင်များတွင် အင်တာနက်နှင့် ဆက်သွယ်ရေးအတွက် Mytel အပါအဝင် အော်ပရေတာမျိုးစုံ၏ ဆင်းကဒ်များကို အသုံးပြုခဲ့ကြသည်။
နောက်ပိုင်းတွင် ခြေရာခံရန် ပိုမိုခက်ခဲသော ဂြိုလ်တုအင်တာနက် စတားလင့်ကို ပြောင်းလဲ အသုံးပြုခဲ့ရသော်လည်း ယခုအကြပ်အတည်းများကြောင့် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာများကို ပြန်လည်အသုံးပြုလာနိုင်ကြောင်း လုပ်ငန်းခွင်တွင်းရှိ သတင်းရင်းမြစ်က ပြောပြသည်။
သို့သော်လည်း မြဝတီမြို့တောင်ဘက်ရှိ ကျားဖြန့်လုပ်ငန်းခွင်များ၌ လက်ရှိတွင် Mytel အပါအဝင် ပြည်တွင်းအော်ပရေတာများကို ပြန်လည်သုံးစွဲခြင်း မရှိသေးပေ။
ကရင်ပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းခွင်များမှာ ဗိုလ်ချုပ်စောချစ်သူ၏ ကရင်အမျိုးသားတပ်မတော်၊ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့က အကာအကွယ်ပေး အကျိုးအမြတ်ယူနေပြီး မြန်မာစစ်တပ်ကလည်း အကျိုးအမြတ်ရနေကြောင်း နိုင်ငံတကာက ဖော်ထုတ်ထားသည်။
လက်ရှိတွင် ထိုင်းအစိုးရနှင့် အမေရိကန်တို့၏ အထူးစုံစမ်းစစ်ဆေးရေးဗျူရို (FBI) တို့ ပူးပေါင်းပြီး ကျားဖြန့်တိုက်ဖျက်ရေး အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။



