ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသအတွင်း စစ်ကော်မရှင်အဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးနှင့် လုံခြုံရေးစိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
သြဂုတ် ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယနေ့အထိ လေယာဉ်များကင်းထောက်ပျံဝဲနေသဖြင့် ကျောင်းရွာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံ တစ်ထောင်နီးပါးတို့ နီးစပ်ရာ နေရာများတွင် တိမ်းရှာင်နေကြသည်။
အချိန်မရွေး ထပ်မံတိုက်ခိုက်ခံရနိုင်သော်လည်း စားဝတ်နေရေးအတွက် နေအိမ်နှင့် ဥယျာဉ်များကို သွားရောက်စောင့်ကြည့်နိုင်ရန် အနီးဝန်းကျင်တွင်ပင် စစ်ဘေးရှောင်နေရသဖြင့် လုံခြုံမှုမရှိကြောင်း ရေးချောင်းဖျား စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

" လေယာဉ်နဲ့ဆိုတော့ ဘယ်မှာကြဲမှန်းမသိဘူး။ အခုကျောင်းရွာမှာ ရှောင်နေကြတယ်ဆိုပေမဲ့ ဒီမှာလဲ အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တယ်။ ရှောင်ဖို့ ဘယ်နေရာမှ မလုံခြုံနေဘူး။ အခုဖြစ်နေတာက KNU ထိန်းချုပ်နယ်မြေပေါ့။"ဟု ဆိုသည်။
ရေးချောင်းဖျားဒေသတွင် ကွမ်းနှင့် ရာဘာအပါအဝင် ဒေသထွက်သီးနှံများကို မှီခိုအားထား လုပ်ကိုင်နေကြရပြီး လေကြောင်းအန္တရာယ် စိုးရိမ်ရသည့်ကြားမှ နေအိမ်ဖောက်ထွင်းမှုနှင့် ခြံထွက်သီးနှံများ ပျောက်ဆုံးမည်ကို ပူပန်၍ ဥယျာဉ်ခြံသို့ မဖြစ်မနေ သွားရောက် စောင့်ကြည့်နေရသည်။
ထို့အပြင် ပြီးခဲ့သည့် သြဂုတ် ၁၅ နှင့် ၁၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောင်းရွာကျေးရွာတစ်ဝိုက် ရေလွှမ်းမိုးခဲ့ပြီး စစ်ဘေးရှောင်များ သွားလာရေး ခက်ခဲခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း စစ်တပ်လေယာဉ်များ နေရောညပါ ကင်းထောက်ပျံဝဲနေပြီး ညဘက်တွင် အသံနီးနီးကပ်ကပ် ကြားရကြောင်းလည်း ရေးဒေသခံတစ်ဦးက ဆိုသည်။
“ ညဘက်ဆို ၉နာရီလာတယ် တစ်ခါတလေ ၁၁ လောက်လာတယ်။ ကင်းထောက်တဲ့ပုံစံဖြစ်နေတာ ရွာအပြင်တဝိုက်မှာ ပတ်နေတယ်။ တခါတလေ နိမ့်နိမ့်လေပဲ။ အများစုကတော့ ထပ်ကြဲမှာကို စိုးရိမ်နေကြတယ် တချို့ဆိုပြန်လာတာ မကြားသေးဘူး အခုပြန်ရှောင်နေရတယ်”ဟု ရေချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသတွင် စစ်ကော်မရှင်စစ်တပ်က ပြီးခဲ့သည့်မေလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် ဝေဟင်မှ ကင်းထောက်ပျံသန်းမှုများ နေ့ရောညပါ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်းခဲ့ရပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက နေရပ်ပြန်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်နေ့ကလည်း ရေးမြို့နယ် ကျောင်းရွာအုပ်စု ချောထာရွာနှင့် ကျောင်တိုင်ကျေးရွာတို့၏ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားမှု အားကောင်းသည့် ရေးမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ကော်မရှင်စစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ခပ်စိပ်စိပ် လုပ်ဆောင်လာသည်။



