Homeသတင်းသာယာဝတီထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး အတင်းအဓမ္မ ငွေကြေးတောင်းခံနေရ

သာယာဝတီထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး အတင်းအဓမ္မ ငွေကြေးတောင်းခံနေရ

-

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာကြသည့် နိုင်ငံရေးအကျဉ်းသားများထံမှ အကျဉ်းဦးစီးဌာန ဝန်ထမ်းအရာရှိများက အတင်းအဓမ္မ ဖိအားပေး၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးသည် ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်အတွင်းက သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကျဉ်းထောင်တွင် သက်တောင့်သက်သာရှိသည့် အလုပ်များသာ လုပ်ကိုင်ခွင့်ရရှိရန်နှင့် အကျဉ်းထောင်အတွင်း အေးဆေးစွာ နေထိုင်ခွင့်ရရှိရန်ဟူသည့် အကြောင်းပြချက်ဖြင့် အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ပြည့်ဖြိုးအောင်နှင့် ဦးစီးအရာရှိ သန်းဝင်းတို့က အကျဉ်းသားတစ်ဦးလျှင် ကျပ်ငွေ ၃၀၀,၀၀၀ (သုံးသိန်းကျပ်) ပေးဆောင်ရန် ဖိအားပေးတောင်းခံနေကြောင်း PPNM က ဆိုသည်။

တောင်းခံသည့် ငွေကြေးများကို မပေးနိုင်သည့် နိုင်ငံရေးအကျဉ်းသားများအား အခြားအကျဉ်းသားများ မလုပ်လိုသည့် မိလ္လာရေ သယ်ယူရှင်းလင်းခြင်းကဲ့သို့သော အလုပ်များနှင့် တောင်ယာလုပ်ငန်းများကို အတင်းအဓမ္မ ခိုင်းစေလျက်ရှိကြောင်းလည်း ဆိုသည်။

အကျဉ်းထောင်အာဏာပိုင်များနှင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားနှင့် ငွေကြေးရရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားများအပေါ် အာဏာအလွဲသုံးစားပြု၍ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်း၊ ငွေကြေးမပေးနိုင်သူများအား အလုပ်ကြမ်းများဖြင့် ဖိအားပေးခိုင်းစေခြင်းတို့သည် အကျဉ်းသားများ၏ အခြေခံအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လုပ်ရပ်များဖြစ်သည်ဟုလည်း PPNM က ထောက်ပြသည်။

နိုင်ငံရေးအကျဉ်းသားများထံမှ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းနှင့် ငွေကြေးမပေးနိုင်သူများအား အလုပ်ကြမ်းများဖြင့် ဖိအားပေးခိုင်းစေနေခြင်းတို့ကို ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts