မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင် စစ်ကော်မရှင်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာနေ အမြွှာကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကော်မရှင်တပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခမရ (၃) မှ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာကို ပစ်မှတ်ထား၍ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

စစ်ကော်မရှင် ခမရ (၃) တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ၂ လုံးသည် ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပဏ္ဍိကုန်းကျေးရွာနေ ကိုငယ်၏ ဇနီးဖြစ်သူ အမြွှာကိုယ်ဝန် ၇ လရှိသည့် ဒေါ်ဇင်မာစိုး အသက် ၄၁ နှစ်သည် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ပြီး ဝမ်းအတွင်းရှိ အမြွှာသမီး ၂ ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု KNU က ဆိုသည်။
ထို့အပြင် ပဏ္ဍိကုန်းကျေးရွာနေ ကိုမောင်လေး အသက် ၃၂ နှစ် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူ မိစနေ အသက် ၁၁ နှစ်မှာ လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ကာ အခြားသမီးဖြစ်သူ မိယွန်း အသက် ၅ နှစ်လည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးပြီး နွားနှစ်ကောင်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု KNU က ထုတ်ပြန်ထားသည်။



