မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်ကော်မရှင် မှ “ရက် ၁၀၀ စီမံကိန်း” ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေသည်။
စစ်အာဏာရှင်အစိုးရ၏ ပထမဆုံး ခြေလှမ်းအဖြစ် ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များအား ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားသည်ဟု သိရသည်။
သို့သော် တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအာ လက်နက်ချရန် ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသလို၊ မြေပြင်မှာလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက်မှုတွေကို နေ့စဉ်တိုးမြှင့် လုပ်ဆောင်လာနေ သည်။
လေကြောင်းတိုက်ခိုက်မှုများသည် မြန်မာပြည်တောင်ပိုင်းဒေသတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တပ်စခန်းများရှိသည်ဟု ယူဆရသည့်နေရာများ၊ တိုက်ပွဲပြင်းထန်ရာနေရာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ၏ ကျေးရွာများအတွင်း ပစ်မှတ်ထား လုပ်ဆောင်လာခြင်းဖြစ်သည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က " ကြည့်ရသလောက်တော့ ဒီအတောအတွင်း လက်နက်တွေ၊ စစ်အင်အားတွေအသုံးပြုပြီး ပြည်သူတွေကို ပိုပြီးဖိနှိပ်လာတယ်။ အဓိကလေ သူဆုံးရှုံးခဲ့ရတဲ့နေရာတွေကို ပြန်ယူတာ၊ ဒီနယ်မြေ တွေကို ပြန်ယူဖို့ သူ့စီမံချက်ထဲမှာ ပါပြီးသား၊ ပြန်ယူပြီး သူ့အာဏာကို ပြန်တည်မယ်၊ ဒီရက်ပိုင်း ၁၀၀ ထဲမှာဆို လူတွေကို ပစ်သတ်နေတာသပ်သပ်ပဲ၊ လူ့အခွင့်အရေးကိုလည်း ကြီးကြီးမားမားချိုး ဖောက်နေတာ။ ပြောနေတာကတစ်မျိုး လုပ်နေတာကတစ်မျိုးပေါ့”ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်က ပြီးခဲ့သည့်နှစ်များအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများဖြစ်သော ကေအဲန်ယူ ထိန်းချုပ်နယ်မြေအချို့၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကုန် သွယ်ရေးလမ်းကြောင်းများ၊ ရေး-ထားဝယ်လမ်းပိုင်းရှိ တင်္နဿာရီတိုင်းဒေသကြီးမှ မြို့နယ်များနှင့် မွန်ပြည်နယ်အတွင်း တော်လှန်ရေး အဖွဲ့များ လှုပ်ရှားရာဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။
IMNA မှ အချက်အလက်များအရ ဧပြီလ ၂၀ ရက်နေ့မှ မေလကုန်အထိ ရက်ပေါင်း ၄၀ ကျော်တွင် ရေဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် မွန်ပြည်နယ်တွင် လေကြောင်းဖြင့် ၁၁ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
၎င်းအပြင် မေလကုန်အထိ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးရှိ သတ္တုတွင်းလုပ်ကွက်များကို လေယာဉ်ဖြင့် ၂ ကြိမ်၊ ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့နှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများကိုလည်း ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။
ယခုလေကြောင်းတိုက်ခိုက်မှုများသည် စစ်တပ်၏ ရက် ၁၀၀ စီမံကိန်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ချအလင်းဝင်ရန် ခြိမ်းခြောက်သည့် စစ်ဆင်ရေး တစ်မျိုးဖြစ်ကြောင်းလည်း မွန်သွေးတပ်တော်မှ ပြောရေးဆိုခွင့်ရှိသူ မင်းယော့ဒ်စနွန်က သုံးသပ်သည်။
"တော်လှန်ရေးအဖွဲ့တွေကို လက်နက်ချ အလင်းဝင်ဖို့အတွက်ပါပဲ။ လက်နက်မချရင် ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခြိမ်းခြောက်တဲ့ စစ်ဆင်ရေးလုပ်နေတာပါ။ ဒါပေမဲ့ သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ၊ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကမှ လက်နက်ချ အလင်းဝင်မှာ မဟုတ်ပါဘူး။ ဟိုအဖွဲ့က လက်နက်ချတယ်၊ ဒီအဖွဲ့က အလင်းဝင်တယ်ဆိုပြီး သတင်းအမှားတွေနဲ့ လုပ်နေပေမဲ့လည်း မြေပြင်မှာ ဘယ်သူကမှ ဒါကို အလေးမထားသလို၊ ဘယ်သူကမှလည်း သူတို့ကို လုံးဝမယုံကြည်ပါဘူးခင်ဗျာ" ဟု သူက ပြောသည်။
နောက်ဆက်တွဲ အနေဖြင့် ယခု ဇွန်လတွင်လည်း စစ်ကော်မရှင်မှ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများ ထိစပ်ရာ နေရာများကို လေယာဉ်ဖြင့် ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ရေးချောင်းဖျားနှင့် ရေဖြူဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
၂၀၂၆ မေလတွင် မြန်မာပြည်တောင်ပိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီ ဒေသ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ လျော့နည်းသော်လည်း အရပ်သားပြည်သူများ ဘေးကင်းလုံးခြုံမှုအားနည်းပြီး လူမှုစီးပွားဘဝနှင့် လုံခြုံရေးတွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟုလည်း မြန်မာပြည်တောင်ပိုင်း လူသားချင်း စာနာထောက်ထားမှုကွန်ရက်မှ မေလ အစီရင်ခံစာတွင် သုံးသပ်ပြောဆိုထားသည်။



