Homeသတင်းရေမသန့်ရှင်းမှုကြောင့် လေးကေ့ကော်စစ်ရှောင်များ အရေးပြားဆိုင်ရာပြဿနာ ဖြစ်ပွားမှုများလာ

ရေမသန့်ရှင်းမှုကြောင့် လေးကေ့ကော်စစ်ရှောင်များ အရေးပြားဆိုင်ရာပြဿနာ ဖြစ်ပွားမှုများလာ

-

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်အတွင်းရှိ စစ်ဘေးရှောင်များ အရေးပြားယားယံခြင်းနှင့် ဝဲနာရောဂါများ ဖြစ်ပွားမှု များလာကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။

လေးကေ့ကော်ဒေသတွင် စစ်အာဏာသိမ်းချိန်မှစပြီး တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် လေးကေ့ကော်၊ မင်းလက်ပံ၊ ရသေ့ဂူ၊ ဖလူး၊ မဲ့ထော်သလေး စသည့်အိမ်ခြေ ၁၀၀၀ ကျော်နှင့် ဒေသခံ ၃၀၀၀ ကျော်တို့က ပလောတပို့စစ်ရှောင်စခန်း၊သောင်းရင်းမြစ်ကမ်းဘေးနှင့် ထိုင်း-မြန်မာနယ်စပ် ပတ်ဝန်းကျင်နေရာများတွင် ကာလရှည်ကြာ နေထိုင်နေကြရသည်။

အဆိုပါစစ်ရှောင်စခန်းရှိ ကလေးသူငယ်များအပါအဝင် စစ်ရှောင်ပြည်သူအများစုသည် သောက်ရေ၊ သုံးစွဲရေ မသန့်ရှင်းမှုနှင့်အတူ နေရာထိုင်ခင်းနှင့် ရာသီဥတုအကူးအပြောင်းကြောင့် အရေးပြားဆိုင်ရာ ပြဿနာများ ဖြစ်နေကြကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူ မနော်ဂျက်က ပြောသည်။

“ သောင်ရင်းမြစ်ကနေ ရေစုပ်တဲ့အခါ ရေတွေက နှောက်တဲ့အတွက် အသုံးပြုတဲ့အခါ အရေးပြားမှာ ဝဲတွေ၊ ယားယံတဲ့ ရောဂါတွေ စဖြစ်နေတဲ့လူတွေ ရှိလာတယ်။ ရေရှည်အတွက် အသုံးပြုနေရင်တော့ မကောင်းဘူးပေါ့နော်။ သူတို့ လက်တွေ၊ ခြေထောက်တွေ၊ ကိုယ်လုံးတွေမှာ ဝဲတွေပေါက်ပြီး အဖု၊ အပိန့်တွေထွက်နေကြတယ်” ဟု ၎င်းက ပြောသည်။

ခန္ဓာကိုယ်ပေါ်တွင် ဝဲပေါက်ရာမှတစ်ဆင့် အဖုအပိန့်ယားနာခြင်းများ နှစ်ပတ်တာ ခံစားရသည့်နောက် ထုံကျင်ကိုက်ခဲ့သည့် ဝေဒနာကိုလည်း ခံစားနေကြရကြောင်း ဆိုသည်။

ထိုကြောင့် ကျန်းမာရေးနှင့်ညီညွှတ်သည့် သောက်ရေ၊ သုံးစွဲရေများ ရရှိစေရန်အတွက် ရေသန့်စက်များ အမြန်ဆုံးလိုအပ်နေကြောင်းလည်း မနော်ဂျက်က ဆက်ပြောသည်။

“အခု စစ်ရှောင်တွေက ရေသန့်ရှင်းမှု မရှိတဲ့အတွက် သုံးရေ၊ သောက်ရေနဲ့ ထမင်းချက်ဖို့အတွက် ရေ အခက်အခဲ ဖြစ်နေကြတယ်။ ရေကို သိုလှောင်ပြီး ကျောက်ချဉ်စိမ်တာတောင် ရေက မသန့်နိုင်ဘူး ဖြစ်နေတယ်။ အဲကြောင့် ကျမတို့က ရေသန့်စက်တွေ အမြန်ဆုံး လိုအပ်နေတယ်” ဟု ပြောသည်။

ကူးစက်ရောဂါမျိုးဖြစ်သဖြင့် စခန်းအတွင်း ကူးစက်မှုလက်လက်မဖြစ်ပွားရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနများအနေဖြင့် ဆေးဝါးကုသမှုများ အမြန်ဆုံး ဆောင်ရွက်ပေးကြပါရန်လည်း ကရင်အထောက်အကူပြုကွန်ရက်မှ တာဝန်ရှိသူ စောအယ်ဒိုဝါးက ပြောသည်။

“ ဒီလို အခြေအနေမျိုးမှာ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကလည်း ကျန်းမာရေးဝန်ဆောင်မှုတွေ လာရောက်ပေးအပ်ဖို့ လိုအပ်နေပါပြီ။ သူတို့အတွက် စားနပ်ရိက္ခာတွေ လုပ်အပ်နေသလို တစ်ဖက်မှာ လည်း ဒီလိုကာလမျိုးမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေက ပိုလိုအပ်တာပေါ့နော်” ဟု စောအယ်ဒိုဝါးက ပြောသည်။

စစ်အာဏာသိမ်းသည့်နောက် နယ်မြေစိုးမိုးရေးအတွက် လေးကေ့ကော်ဒေသတွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ပြင်းထန်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသလို နယ်မြေ မတည်ငြိမ်မှုကြောင့် ဒေသခံပြည်သူထောင်ချီတို့က ထိုင်းနယ်စပ်ဒေသသို့ တိမ်းရှောင်ခိုလှုံလာကြပြီး ယနေ့ချိန်အထိ နေရပ်မပြန်နိုင်ကြသေးပေ။

ဒေသတွင် စားနပ်ရိက္ခာ သယ်ယူတင်သွင်းခွင့်ကို စစ်ကော်မရှင်က ကန့်သတ်ထားသည့်အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်ပက အလှုရှင်များသာ မှီခိုနေကြရသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts