မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဖွဲ့စည်းခဲ့သည့် သုံးနှစ်တာကာလအတွင်း ပြည်တွင်းအကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားနှင့် နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း ၂၈၂ ဦး သေဆုံးခဲ့ကြောင်း PPNM မှ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် သုံးနှစ်ပြည့်မှတ်တမ်း၌ ဖော်ပြထားသည်။
အကျဉ်းထောင်များအတွင်း လုံလောက်သည့် ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခြင်း၊ ဆေးဝါးမလုံလောက်ခြင်းနှင့် ကုသမှုနှောင့်နှေးခြင်းတို့ကြောင့် သေဆုံးသူ ၁၄၈ ဦး ရှိခဲ့ပြီး အမျိုးသား ၁၂၈ ဦး၊ အမျိုးသမီး ၁၉ ဦးနှင့် LGBT ၁ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနတို့၏ ဥပဒေမဲ့ သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၇၅ ဦး ရှိခဲ့ပြီး အမျိုးသား ၇၄ ဦးနှင့် အမျိုးသမီး ၁ ဦး ပါဝင်ကြောင်း သိရသည်။

အလားတူ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ဘေးကြောင့် အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရသူ ၅၉ ဦးရှိခဲ့ပြီး ယင်းအနက် အမျိုးသား ၃၇ ဦးနှင့် အမျိုးသမီး ၂၂ ဦး ပါဝင်ကြောင်း PPNM က ဆိုသည်။
“နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ သေဆုံးမှု စာရင်းဇယားတွေဟာ စစ်အုပ်စုရဲ့ အကျဉ်းထောင်စနစ်အတွင်း ဖြစ်ပေါ်နေတဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို သက်သေပြနေတယ်” ဟု PPNM က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PPNM အနေဖြင့် သုံးနှစ်တာကာလအတွင်း အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဆိုင်ရာ သတင်းထုတ်ပြန်ချက် ၁၁၀ ခု၊ ထောင်ပြောင်းရွှေ့မှုဆိုင်ရာ ထုတ်ပြန်ချက် ၁၅ ခုနှင့် လွတ်မြောက်မှုဆိုင်ရာ ထုတ်ပြန်ချက် ၉ ခု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထောင်တွင်း လူ့အခွင့်အရေး အပြည့်အဝရရှိရေးနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် PPNM မှ နည်းလမ်းပေါင်းစုံဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့ပြင် ပြည်သူလူထုနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အကျဉ်းထောင်များအတွင်း အခွင့်အရေးချိုးဖောက်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများဘက်မှ ဆက်လက်ဝန်းရံကူညီပေးရန် တိုက်တွန်းထားသည်။
PPNM ကို ၂၀၂၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်ကာ ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း သိရှိစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။
“အကျဉ်းထောင်တွေအတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူလူထုတွေရော ကမ္ဘာကပါ သိရှိနိုင်ဖို့ အချိန်နဲ့တပြေးညီ မှန်မှန်ကန်ကန် ဖော်ထုတ်တင်ပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို ဆောင်ရွက်နေချိန်မှာလည်း ကျွန်တော်တို့ ရဲဘော်ရဲဘက်အချို့ ဖမ်းဆီးခံခဲ့ရတာတွေ ရှိပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။
၎င်းက PPNM အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ လူ့အခွင့်အရေးနှင့် တရားမျှတမှုရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



