Thursday, May 14, 2026
More
    spot_img
    Homeသတင်းလာမည့်စာသင်နှစ်တွင် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း အသစ်ဖွင့်လှစ်သွားရန်ရှိ

    လာမည့်စာသင်နှစ်တွင် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း အသစ်ဖွင့်လှစ်သွားရန်ရှိ

    -

    မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေ့သည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားရန်ရှိကြောင်း ဒေသခံနှင့် မွန်သံဃာတော်များ၏ ပြောပြချက်များအရ သိရသည်။

    IMNA မှ မေးမြန်းချက်များအရ မုဒုံမြို့နယ်တွင် မူလတန်းအဆင့် ကျောင်း ၂ ကျောင်း၊ ရေးမြောက်ပိုင်းတွင် မူလတန်းကျောင်း ၁ ကျောင်း၊ ပေါင်မြို့နယ်တွင် မူလတန်းကျောင်း ၁ ကျောင်းတို့ မွန်အမျိုးသားပညာရေးကော်မတီ MNEC ဌာနအောက်တွင် ကျောင်းဖွင့်လှစ်သွားရန်ရှိသည်။

    ဖွင့်လှစ်သွားမည့် မွန်အမျိုးသားကျောင်းအသစ်များ၌ ဆရာ၊ဆရာမ အင်အားခန့်အပ်နိုင်ရေးအတွက် စိန်ခေါ်မှုရှိနိုင်သာ်လည်း မွန်အမျိုးသားကျောင်းဖွင့်လှစ်နိုင်ရေးကို ကနဦး ဦးစားပေးပြီး လိုအပ်သည့် ဆရာ၊ဆရာမ အင်အားများကို ထပ်မံဖြည့်ဆည်းသွားမည်ဟု ကျောင်းဆောက်လုပ်ရေးတွင် ဦးဆောင်ပါဝင်သည့် ရေးမှ သံဃာတော်တစ်ပါးက ဆိုသည်။

    "ရေးမြောက်ပိုင်းမှာဆိုရင် ကျောင်းသား ၂၀ လောက်ပဲရှိမယ်။ အစိုးရကျောင်းလည်းရှိတယ်။ ဒါပေမဲ့ ဦးဇင်းတို့ကတော့ မွန်အမျိုးသားကျောင်းဖြစ်စေချင်တဲ့ဆန္ဒရှိတော့ ဒီနှစ်တော့ဖွင့်ဖြစ်မယ်လို့ရည်ရွယ်ထားကြတယ်။ မွန်အမျိုးသားကျောင်းကိုတော့ အစိုးရကျောင်းမရှိတဲ့ဒေသတို့ဆို ကျောင်းသားနည်းရင်လည်း ဖွင့်ဖြစ်အောင်ဖွင့်ကြတယ်။" ရေးမှ မွန်သံဃာတစ်ပါးမှ မိန့်ကြားသည်။

    အသစ်ဆောက်လုပ်ထားသည့်ကျောင်းများအပြင် နေရာအခက်အခဲဖြစ်နေသည့် မွန်အမျိုးသားကျောင်းအချို့ ကျောင်းဆောင်အသစ်တိုးချဲ့ဆောက်လုပ်ခြင်း၊ ပြန်လည်ပြုပြင်မွန်းမံပြင်ဆင်ခြင်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

    ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မွန်အမျိုးသာပညာရေးဌာနကျောင်းများ လာမည့် မေလနောက်ဆုံးအပတ်တွင် ကျောင်းအပ်လက်ခံပြီး၊ ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ရန် စတင်ပြင်ဆင်နေပြီးဖြစ်ကြောင်း မွန်အမျိုးသား ပညာရေးဌာနမှ ဆရာတစ်ဦးကပြောသည်။

    “ ဆရာ၊ဆရာမတွေ ကိုယ့်နေရာကိုယ်ပြန်ရောက်ဖို့ အစည်းအဝေးလုပ်တယ်။ ခုံပျက်စီးနေတာ တွေပြင်ဆင်၊ ကျောင်းပြောင်း ကိစ္စတွေ ကျောင်းဆောင် ပြင်ဆင်တာတွေ၊ အဆင်ပြေပြေနဲ့ ဖွင့်နိုင်တဲ့နှစ်က သိပ်မရှိသလောက်ပဲ။ မြို့နယ်အဆင့်လည်း တာဝန် ထမ်းဆောင်တဲ့ဆရာမရှာတဲ့ပြဿနာနဲ့ တိုင်ပတ်နေတယ် ကျောင်းလာအပ်တဲ့ ကျောင်းသားတွေရောက်နေပြီး ဆရာမတော့မရှိသေး အဲ့တာပဲအဆင်မပြေတာ” ဟု ပြောသည်။

    ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်နှင့် စားဝတ်နေရေး ပြဿနာတို့ကြောင့် ထောက်ပံ့ကြေးစရိတ် နည်းပါးစွာရရှိနေသည့် မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမအများစု နှစ်နစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် နှုတ်ထွက်ခွင့် လျှောက်ထားသူများသည်ဟု ၎င်းကဆက်ပြောသည်။

    မွန်အမျိုးသားပညာရေးဌာနအောက်တွင် အဆင့်မြင့်ပညာရေးအတွက် နိုင်ငံတကာကျောင်းများအထိ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်းများရှိလာသည့်အပြင် ဒေသတွင်းလုံခြုံရေးအခြေအနေနှင့် ပညာသင်စရိတ်သက်သာခြင်းကြောင့် နှစ်စဉ် ကျောင်းသားဦးရေတိုးလာနေကြောင်း မွန်အမျိုးသားပညာရေးကော်မတီ တာဝန်ရှိများထံမှ သိရသည်။

    ယခင်ပညာသင်နှစ် စာရင်းများအရ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် ဆက်စပ်နယ်မြေတို့တွင် မွန်အမျိုးသား ကျောင်းပေါင်း ၁၄၆ ကျောင်း၊ ဆရာ၊ ဆရာမဦးရေ ၈၀၀ ကျော်ဖြင့် သင်ကြားနေကြောင်း မွန်ပြည်သစ်ပါတီ သတင်းစာမျက်နှာတွင် ဖော်ပြသည်။

    ဒါ့အပြင် ဒေသခံများနှင့် မွန်သံဃာတော်မှစုပေါင်း၍ မွန်ဒေသအသီးသီးတွင် ဆောက်လုပ်နေဆဲဖြစ်သည့် မွန်အမျိုးသားကျောင်းများစွာ ကျန်ရှိနေသေးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks