Friday, April 10, 2026
More
    spot_img
    Homeသတင်းဈေးကွက်အတွင်း သင်္ကြန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်သော်လည်း အရောင်းအဝယ်ကောင်းနေ

    ဈေးကွက်အတွင်း သင်္ကြန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်သော်လည်း အရောင်းအဝယ်ကောင်းနေ

    -

    သင်္ကြန်ပွဲနီးကပ်လာသည့်အတွက် မွန်ပြည်နယ် ဈေးကွက်အတွင်း သင်္ကြန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်သော်လည်း အရောင်းအဝယ်ကောင်းနေကြောင်း ကုန်ပစ္စည်းရောင်းချသူများက IMNA သို့ ပြောကြားသည်။

    စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် ဝယ်ယူရရှိမှု ခက်ခဲနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ နှစ်ဆအထိ မြင့်တက်နေပြီး သင်္ကြန်ရေကစားပစ္စည်းများဖြစ်သည့် ရေသေနတ်၊ ဖုန်းရေစိုခံအိတ်၊ မျက်မှန်၊ ရေကစားပစ္စည်း၊ သင်္ကြန်ဖက်ရှင် အဝတ်အစားနှင့် အခြားအလှဆင်ပစ္စည်းများ ယမန်နှစ်ထက် ၃ ဆအထိ ဈေးနှုန်းမြင့်တက်လာနေကြောင်း သိရသည်။

    ယမန်နှစ်က ၃၀၀၀ ကျပ်တန် ရေသေနတ်အသေးတစ်ခုကို  ၁၀၀၀၀ ကျပ်အထိ ရောင်းချနေပြီး ၆၀၀၀ ကျပ်တန် ဖုန်းရေစိုခံအိတ်အကြီးတစ်ခုကို ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချနေရသော်လည်း ဝယ်ယူသူများကြောင်း ရေးမှ ကုန်ပစ္စည်း လက်လီလက်ကား ရောင်းချနေသူအမျိုးသမီးတစ်ဦးက ပြောသည်။

    “အခု မနက်စောစောကတည်းက ဖုန်းတွေ ဆက်တိုက်လာနေပြီး အဝတ်အစားအော်ဒါတွေ များပြားလာတယ်။ မနက်ပိုင်းမှာ သွားလည်းမတိုက်ရ၊ မျက်နှာလည်း မသစ်ရဘဲ ဒီပါဝါရိန်ဂျာအဝတ်အကြောင်းတွေကို ဖုန်းပြောနေရတယ်။ တကယ့်ကို ရောင်းကောင်းတာ။ အခုရောက် အခုကုန်တယ်။ အရင်နှစ်က ဒီပါဝါရိန်ဂျာအဝတ်က တစ်ထည်ဆို ၁ သောင်းလောက်ပဲ ရှိတယ် အခုက ၅ သောင်းအထိ ပေါက်ဈေးရှိတယ်။” အမျိုးသမီးတစ်ဦးက ပြောသည်။

    ထို့အပြင် အွန်လိုင်း ဈေးကွက်များတွင်လည်း သင်္ကြန်ပစ္စည်းများကို ကြိုတင်မှယူမှုများ မြင့်တက်လာနေသည်။

    သို့ရာတွင် လက်လီရောင်းချသူများအနေဖြင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် အသေးစားကုန်ပစ္စည်းအရောင်းဆိုင်များ အရင်းငွေမလုံလောက်သဖြင့် ရောင်းအားကောင်းနေသော်လည်း ပစ္စည်းပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

    “အခုသယ်ယူပို့ဆောင်ရေးအတွက် ဓာတ်ဆီခက အရမ်းဈေးတက်တယ်၊ မော့ကနင်ကနေ မော်လမြိုင်ကို ၄ သိန်းလောက်ရှိတယ်။ ဓာတ်ဆီခကိုမပေးနိုင်လို့ အခု သင်္ကြန်ပစ္စည်းတွေ ဘာမှ order လုပ်မနိုင်ဘူး။ ရေသေနတ်တွေဝယ်ဖို့ လာလာမေးတဲ့ ကလေးတွေအများကြီးရှိတယ်။” ရေးမြို့နယ်မှ အသေးစားကုန်ပစ္စည်းရောင်းဆိုင်အမျိုးသားတစ်ဦးက ပြောသည်။

    ယခင်က သင်္ကြန်ပွဲတော်မတိုင်မီ သင်္ကြန်ပစ္စည်းများ တစ်လလောက်အကြိုတွင် စတင်ရောင်းချလေ့ရှိသော်လည်း စစ်အာဏသိမ်းနောက် သင်္ကြန်ပစ္စည်းကြိုတင်မှာယူမှုနည်းသဖြင့်သင်္ကြန်အကြိုရက်ပိုင်းနှင့် သင်္ကြန်ရက်အတွင်းသာ ရောင်းချနေကြသည်။

    စစ်ကော်မရှင်မှလည်း မွန်ပြည်နယ် သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စေရေး မည်သည့်ပွဲလမ်းသဘင်မဆို ထည့်သွင်းကျင်းပခွင့်ပြုထားကြောင်းလည်း သိရသည်။

    မော်လမြိုင် ကမ်းနားလမ်းနှင့် မောရဝတီပန်းခြံလမ်းတစ်လျှောက် မဏ္ဍပ်ကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် မွန်ပြည်နယ်အစိုးရအဖွဲ့အသစ်မှ ပြင်ဆင်နေပြီး မွန်ရိုးရာအစားအစာများ၊ နိုင်ငံကျော်အဆိုတော်များဖြင့် ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။

    ဌာနဆိုင်ရာ ဝန်ထမ်းများအား မြို့ပေါ်တွင်ပြုလုပ်မည့် သင်္ကြန်ပွဲတော်တွင်လည်း ဖိအားပေးပါဝင်စေပြီး စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ငွေကြေး အဓမ္မပါဝင်စေခြင်းများလည်း လုပ်ဆောင်နေသည်ဟု ကြားသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks