Thursday, April 9, 2026
More
    spot_img
    Homeဆောင်းပါးစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလာနိုင်လား

    စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလာနိုင်လား

    -

    အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးရယူထားသော ဦးမင်းအောင်လှိုင်လက်ထက်တွင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြောဆိုမှုများ ရှိနေသည်။

    ဦးမင်းအောင်လှိုင်က ဖွဲ့စည်းသည့် အစိုးရမှ ပေါ်လစီများ ကြေညာ၍ ထွက်ရှိလာသည့် ရလဒ်များကို ကြည့်ကာ အဆိုပါ ခေါင်းဆောင်များကို လွှတ်ပေးလာနိုင်ကြောင်း၊ သို့သော်လည်း ပထမ ၆ လအတွင်း ပြန်လွှတ်နိုင်ချေမရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “တည်ငြိမ်မှုရအောင် လုပ်ရမှာပဲ။ နောက်ပြီးတော့ သမ္မတ တရားဝင်လည်း ဖြစ်ပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးတာတို့၊  Political Reform (နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု) တို့၊ Economic Reform (စီးပွားရေး ပြုပြင်ပြောင်းလဲမှု) တို့ လုပ်ဖို့ သင့်တယ်လို့တော့ အဲ့ဒီလို ပြောသံကြားတာပဲ” ဟု ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါအဝင် ဦးဝင်းမြင့်နှင့် အခြားသော ထိပ်ပိုင်းခေါင်းဆောင်အများအပြားကို စစ်တပ်က မတရားဖမ်းဆီးထားသည်။

    စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုများမပါဝင်ဘဲ ပြေလည်ရေး လမ်းစမရရှိနိုင်ကြောင်း NLD က ဧပြီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။

    စစ်အုပ်စုသည် ၎င်းတို့အတွက် နိုင်ငံရေးမဟာဗျူဟာအရ အသုံးချ၍ ရမည့်အခြေအနေတွင်သာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးနိုင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    “ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးမဟာဗျူဟာကြီး အပြောင်းအလဲဖြစ်မယ့်ကိစ္စမှာ ကျနော်တို့ကတော့ ဘာမှကို မယုံထားရဲပါဘူး။ အစီရင်ခံစာလေးတွေ ကောင်းအောင် တစ်တိုင်းပြည်လုံး သတ်မှတ်ပြဌာန်းထားသလိုပဲ လွှတ်လိုက်တယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ ဘယ်လိုအပြောင်းအလဲ ဖြစ်မလဲဆိုတဲ့ နိုင်ငံရေးဗျူဟာလောက် ဖြစ်မှာပေါ့နော်၊ တကယ် လက်တွေ့ ပူးပေါင်းချင်ရင် Negotiate လုပ်လိုက်ရင် ရတာ ကြာလှပါပြီ ဒီအပေါ်မှာ စကားပြန် ခေါ်စရာ မလိုပါဘူး” ဟု ပြောသည်။

    စစ်တပ်က မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန် ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ အာဆီယံအပါအဝင် ကုလသမဂ္ဂတို့က တောင်းဆိုလျက်ရှိနေသည်။

    ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ရေးကိစ္စရပ်သည် လက်ရှိ သမ္မတရာထူးအား ရယူထားသော ဦးမင်းအောင်လှိုင်အပေါ်တွင်သာ မူတည်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက ပြောသည်။

    “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေါ့နော်၊ အခုကတော့ ဦးမင်းအောင်လှိုင် ဖြစ်သွားပါပြီ။ ဦးမင်းအောင်လှိုင်ရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေသလဲဆိုတာက သူကလွဲပြီး ဘယ်သူမှ မသိဘူးလေနော်။ ခန့်မှန်းပြီးတော့ ပြောဆိုနေကြတာတွေပဲ ရှိတာပေါ့နော်၊  အဲ့ဒါကြောင့်မို့လို့ ကျမ အဲ့လို ခန့်မှန်းတဲ့အထဲမှာတော့ ကျမ မပါချင်ဘူး။ ဒါက တစ်ဦးတစ်ယောက်ရဲ့ ခေါင်းထဲမှာ ရှိနေတဲ့ ကိစ္စ ဖြစ်တယ်ပေါ့နော်။ နိုင်ငံခေါင်းဆောင်နဲ့ အနီးနားမှာလည်း ကျမတို့က နီးစပ်တဲ့ လူတွေ မဟုတ်ဘူးပေါ့နော်။ နိုင်ငံခေါင်းဆောင်ကြီးနဲ့လည်း ကျမတို့က အစည်းအဝေးတွေထိုင်၊ အစည်းအဝေးတွေ နေ့တိုင်းလုပ်နေတဲ့ လူမျိုးထဲမှာ ကျမတို့က မပါပါဘူးပေါ့နော်။ ဒါကြောင့်မို့လို့ နိုင်ငံတော်ရဲ့သမ္မတ ဘာတွေတွေးနေသလဲဆိုတာ ကျမ ခန့်မှန်းပြောဆိုလို့ မရပါဘူးပေါ့နော်” ဟုပြောသည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဟုဆိုသော အကြောင်းပြချက်ဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို မတရားအကျဉ်းချထားခဲ့ပြီးနောက် စစ်အာဏာသိမ်း ၅ နှစ်အကြာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပ၍ ဦးမင်းအောင်လှိုင်က သမ္မတ ရာထူးရယူထားသည်။

    ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်များမှ ဖယ်ထုတ်ထားခြင်းသည် လက်ရှိအကျပ် အတည်းကို ပိုမိုဆိုးရွားစေပြီး ငြိမ်းချမ်းသော အဖြေရှာမှုကိုလည်း နှောင့်နှေးစေခြင်းကြောင့် ၎င်းအား ပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks