Thursday, April 9, 2026
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်သင်္ကြန်ကာလ အိမ်ကိုလွမ်းတဲ့အခါ....

    သင်္ကြန်ကာလ အိမ်ကိုလွမ်းတဲ့အခါ….

    -

    မိထောကွန်း (အတွေးအမြင်)

    ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် လက်ရှိမြန်မာနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းတို့ကြောင့် လူအချို့ဟာ မိသားစုနဲ့ ခွဲခွာကာ နိုင်ငံရပ်ခြားသို့ ထွက်ခွာကြရသလို အချို့ကလည်း ကိုယ့်ယုံကြည်ချက်အတွက် မတူညီတဲ့လမ်းကို ရွေးချယ်ပြီး တိုက်ပွဲဝင်နေကြပါတယ်။


    ဒါကြောင့် တစ်နှစ်ဆို တစ်ခါ လူအများပျော်ရွှင်လေ့ရှိကြတဲ့ သင်္ကြန်ကာလမှာတောင် မိသားစုအချင်းချင်းတွေ မဆုံနိုင်တော့တာ၊ သူငယ်ချင်းတွေလည်း မတွေ့နိုင်တော့တာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စာရေးသူ ကျွန်မလည်း တစ်ယောက်အပါအဝင်ပေါ့။

    “ရောင်စုံပန်းတွေလည်း ပွင့်လန်းဝေဆာနေပြီ”၊ “လေပြေတွေလည်း တိုက်နေပြီ” ဆိုတဲ့ နွေရာသီ ရဲ့ ပျော်ရွှင်ရတဲ့လ တန်ခူးလ၊ သင်္ကြန်အခါသမယကို မကြာမီ ရောက်ရှိလာပါတော့မယ်။

    သင်္ကြန်ဟာ မြန်မာနှစ်တစ်နှစ် ကုန်ဆုံးပြီးတဲ့ တန်ခူးလမှာ နှစ်သစ်ကူးပြောင်းတဲ့ကာလ ဖြစ်တာကြောင့် “ကူးပြောင်းခြင်း”လို့ အဓိပ္ပာယ်ရပြီး မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

    နှစ်သစ်ကူးရာမှာ မွန်ရိုးရာသင်္ကြန်ထမင်းချက်တာ၊ အတာအိုးတွေ တင်တာ၊ ရေပက်ကစားတာ၊ တရား ဘာဝနာအားထုတ်တာနဲ့ ဘိုးဘွားတွေကို ရေချိုးပေးတာစတဲ့ ဓလေ့တွေ ပြုလုပ်ကြတဲ့အပြင် မိသားစု၊ လူမှုအသိုင်းအဝိုင်း၊ သူငယ်ချင်းတွေ အတူတကွ ရယ်မောပျော်ရွင်ပြီး ကောင်းမှုပြုတဲ့ကာလဖြစ်ပါတယ်။

    သင်္ကြန်အခါသမယရောက်တိုင်း ကျွန်မရဲ့ဇာတိ တောရွာငယ်လေး ဒူးယားကျေးရွာ (မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ)ရဲ့ ရွာအဝင်လမ်းမှာ စိမ်းလန်းစိုပြေနေတဲ့ စပါးခင်းတွေနဲ့ သစ်ပင်တွေရဲ့ အလှအပကို စိတ်ထဲမှာ ပြန်လည်အမှတ်ရစေပါတယ်။

    အဲ့ဒီလို စိမ်းလန်းစိုပြေနေတဲ့ ရွာလမ်းမတစ်လျှောက်ဟာ ကလေး၊ လူငယ်၊ သက်ကြီးရွယ်အိုတို့ရဲ့ ရယ်မောသံ၊ သီချင်းသံ၊ ရေကစားသံ၊ မွှေးကြိုင်တဲ့ သနပ်ခါးရနံ့နဲ့ ပိတောက်ပန်းရနံ့တွေနဲ့ ပြည့်နှက် နေတတ်တဲ့ အချိန်ဖြစ်တယ်။

    လူတွေရဲ့ ရယ်မောသံဟာ စမ်းရေစီးသံလို ကြည်လင်နေပြီး ပတ်ဝန်းတစ်ခုလုံးကို ပျော်ရွှင်နွေးထွေးမှု လွှမ်းခြုံသွားစေတယ်၊ အပြိုင်အဆိုင်ဖွင့်ထားတဲ့ သီချင်းသံတွေဟာလည်း စိတ်ကိုဆွဲဆောင်နေပြီး ရင်ခုန်စရာကောင်းလွန်းလှတယ်။

    လူပျို၊ အပျိုတွေရဲ့ လက်ထဲက ရေပုံးတွေ၊ ရေပစ်သေနတ်တွေနဲ့ အပြိုင်အဆိုင်ပက်ဖြန်းနေကြတဲ့ အခါမှာ အေးမြတဲ့ရေစက်တွေက ခန္ဓာကိုယ်တစ်ခုလုံး ပက်ကျဲသွားပြီး နွေရာသီအပူကို မေ့ပျောက်သွားစေကာ ရယ်သံတွေလည်း ကြည်ကြည်လင်လင်ကြားနေရပါတယ်။

    လူပျို အပျိုတွေက သနပ်ခါးတွေကို ပြင်ဆင်ပြီး ရွှင်လန်းနေတဲ့ မျက်နှာပေါ်မှာ ပန်းပွင့်ပုံ၊ စက်ဝိုင်းပုံလေးတွေနဲ့ အပြိုင်အဆိုင်ဝိုင်းလူးကြတဲ့အခါမှာ ရနံ့လေးတွေက ရွာတစ်ခွင် မွှေးကြိုင်နေပါတော့တယ်။ ပိတောက်ပန်းတွေဟာလည်း ဝါဝါထိန်ထိန်နဲ့ ပွင့်လန်းနေပြီး မြေပြင်ပေါ်မှာ ရွှေရောင်မိုးလို ကြွေကျနေပါတယ်။

    ယင်းကဲ့သို့ ပြီးပြည့်စုံလှတဲ့ ပျော်ရွှင်ကြည်နူးမှုအလယ်မှာ ကျွန်မအပါအဝင် အချို့လူတွေအတွက်တော့ သင်္ကြန်ဟာ လွမ်းဆွတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ကာလတစ်ခုလို့လည်း ပြောလို့ရပါတယ်။

    ဒါပေမယ့် မိသားစုနဲ့ ဝေးနေသူတွေ၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေသူတွေ၊ အခြေအနေအမျိုးမျိုးကြောင့် အိမ်မပြန်နိုင်တဲ့ သူတို့အတွက်တော့ သင်္ကြန်ဟာ အရင်ကလို ရင်ခုန်စရာမကောင်းတော့ပါဘူး။

    အရင်နှစ်တွေမှာ မနက်အစောကြီးထပြီး အမေကို ဆွမ်းဝိုင်းချက်ပေးတဲ့အချိန်တွေ၊ မိသားစုနဲ့အတူ မုန့်လုံးရေပေါ်လုပ်စားခဲ့တဲ့အချိန်တွေ၊ အိမ်ရှေ့မှာ သူငယ်ချင်းတွေနဲ့ ရေပက်ဖြန်းရင်း ရယ်မောခဲ့ကြတဲ့ အချိန်တွေဟာ သင်္ကြန်ကာလရောက်တိုင်း ပြန်လည်ထင်ဟပ်လာတတ်တယ်။

    သုံးနှစ်ကျော်ကြာ အိမ်နဲ့ဝေးကွာခဲ့တဲ့ သင်္ကြန်နေ့ရက်တွေမှာ အဲ့ဒီအသံ၊ အဲ့ဒီရနံ့တွေကို အဝေးတစ်နေရာကနေ စိတ်ထဲမှာ မကြာခဏ ပြန်ကြားနေရသလို အိမ်ရှေ့က လမ်းလေးခွကိုလည်း မျက်စိထဲမှာ မြင်ယောင်နေမိတယ်။

    အဲ့ဒီလမ်းလေးခွမှာဆိုရင် ရေကစားမဏ္ဍပ်ဆောက်ခဲ့တာတွေ၊ ပွဲကဖို့ စင်ဆောက်ခဲ့တာတွေ၊ စတုဒီသာမဏ္ဍပ် ဆောက်ခဲ့တာတွေ၊ ဘုန်းကြီးကျောင်းကနေ ပြန်လာတဲ့သက်ကြီးရွယ်အိုတွေ၊ ဘုရားသွားတဲ့သူတွေကို ဧည့်ခံကျေးမွေးခဲ့တာကိုလည်း တမ်းတနေမိတယ်။

    သင်္ကြန်အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ သုံးရက်စလုံး ဧည့်ခံကျွေးမွေးချက်ပြုတ်ဖို့အတွက် ရပ်ကွက်က အပျိုတွေ လူပျိုတွေ သက်လတ်ပိုင်းတွေ ပျော်ပျော်ပါးပါး အားတက်သရော အတူတူဝိုင်းဝန်းကူညီ ပေးခဲ့တာတွေကိုလည်း လွမ်းနေမိတယ်။

    အဲ့ဒီအမှတ်တရတွေကို မျက်စိထဲမှာ ပြန်မြင်ယောင်လာတဲ့ အချိန်တိုင်း မသိမသာလေးနဲ့ မျက်ရည်က ဝဲလာတတ်ပြီး စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားရပါတယ်။

    ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ဦးက “ ဒီမှာလည်း ရေကစားတာတွေ ရှိတယ်။ ဒါမဲ့ ကိုယ့် အိမ်မှာ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းနဲ့အတူ ရေကစားခဲ့တာကိုတော့ မမှီဘူးလေနော်၊ အိမ်ကိုပဲ လွမ်းတယ်”လို့ ပြောပြရှာတယ်။

    မြူးကြွတဲ့တေးသီချင်းတွေ၊ နိုင်ငံခြားအဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေ၊ ခေတ်မှီတဲ့မီးပန်းတွေနဲ့ ဘယ် လိုပင် စည်ကားလှတဲ့ သင်္ကြန်ဖြစ်ပါစေ ကျွန်မတောရွာငယ်လေးရဲ့ သင်္ကြန်ကိုတော့ ဘယ်လိုမှ အံတုနိုင်မယ် မထင်ပါဘူး။

    နွေရာသီရဲ့ အပူတောက်တောက်အောက်မှာ ကျွန်မရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူ ရေစိုစိုနဲ့ ရယ်မောခဲ့ကြတဲ့နေ့ရက်တွေဟာ ယနေ့ထိ နှစ်ခါပြန်မရတော့တဲ့ ဘဝရဲ့ အလွမ်းတွေပါပဲ။

    ဒါ့အပြင် လူကြီးမိဘတွေကို ကန်တော့တာ၊ သင်္ကြန်ထမင်းချက်ပြီး သက်ကြီးရွယ်အိုအိမ်တွေကို လိုက်ပို့တာ၊ မုန့်လုံးရေပေါ်လုပ်ပြီး အိမ်နီးချင်းတွေကို ဝေငှတာ၊ ပိတောက်ပန်းတွေ ခူးပြီး လုခဲ့တာ ဒီအမှတ်တရတွေက ရင်ထဲမှာပဲ ကျန်ရှိနေတော့တယ်။

    ဒါပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ မိသားစုစုံစုံလင်လင်နဲ့ ပြန်လည်ဆုံတွေ့ကာ သင်္ကြန်ကို အတူတကွ ဖြတ်သန်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ အလွမ်းတွေကို သက်သာစေပြီး စိတ်ထဲမှာ နွေးထွေးစေ ပါတယ်။

    ဂျပန်ရောက် လူငယ်တစ်ဦးကလည်း “သင်္ကြန်ရောက်တိုင်း အိမ်ကိုရော ရွာကိုရော အရမ်းလွမ်း တယ်။ မိသားစုနဲ့အတူ သင်္ကြန်ထမင်းချက်ခဲ့တာတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပန်းလှူခဲ့တာတွေ၊ အကုန်လုံးကို လွမ်းတယ်”လို့ ဆိုပြန်ပါတယ်။

    သင်္ကြန်ကာလမှာ မိသားစုနဲ့အတူ ကြည်နူးစရာ ရယ်မောခဲ့တာတွေ၊ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေ၊ မိဘရဲ့ ဆုတောင်း စကားသံတွေကို သတိရစေပြီး သူငယ်ချင်းတွေနဲ့အတူ ပြလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ ကလည်း အမြဲတမ်း သတိရနေပါတယ်။

    သင်္ကြန်မှာ ရုံးတွေပိတ်လို့ သားသမီးတွေ ပြန်လာကြတာကို အိမ်ရှေ့မှာ စောင့်နေတဲ့ အဖေ့ရဲ့အပြုံး၊ ရွှေလက်ရာသဖွယ် ချက်ထားတဲ့ အမေ့လက်ရာ ဟင်းလျာလေးကလည်း “ဘယ်ပန်းချီ ရေးလို့မမှီ”ဆိုတဲ့ အတိုင်း မိဘရဲ့ ချစ်ခြင်းမေတ္တာတွေ ပေါ်လွင်စေပြီး ဆုတောင်းစကားသံကလည်း နားထဲမှာ အမြဲမှတ်ရနေပါတယ်။

    ရင်ထဲမှာ အမြဲကျန်ရှိနေအောင် နွေးထွေးမှုပေးခဲ့တဲ့ အသံတွေနဲ့ ချစ်ခြင်းမေတ္တာတွေဟာ အခုဆို ရင် ဖုန်းကနေတစ်ဆင့်သာ ကြားနေရပြီး အဲ့ဒီလို ကြားရတဲ့ အခါမှာ ပိုပြီး အိမ်ကို လွမ်းလာစေတယ်။

    အလွမ်းပြေအနေနဲ့ ဖုန်းကနေတစ်ဆင့် အိမ်နဲ့ဆက်သွယ်နိုင်ပေမယ့်လည်း မိသားစုစုံစုံလင်လင် ထိုင်စားခဲ့ကြတဲ့ ထမင်းတစ်နပ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူ ဖြတ်သန်းခဲ့ကြတဲ့ အချိန်တွေကိုတော့ အပြည့်အဝ အစားမထိုးနိုင်ပါဘူး။

    အိမ်ကိုလွမ်းတယ်ဆိုတာဟာ နေရာတစ်ခုကိုသာ လွမ်းတာမဟုတ်ဘဲ လူတွေကို သတိရတာ၊ အမှတ် တရတွေကို ပြန်လည်တမ်းတမိတာ၊ ကိုယ့်ဘဝရဲ့အရေးကြီးဆုံးအချိန်တွေကို ပိုပြိး တန်ဖိုးထား တတ်လာပါတယ်။

    ဒါ့ကြောင့် သင်္ကြန်ကာလ အိမ်ကိုလွမ်းတဲ့အခါ ဝမ်းနည်းမှုတစ်ခုအဖြစ် သတ်မှတ်ရမှာမဟုတ်ဘဲ မိသားစု၊ သူငယ်ချင်းတို့ရဲ့ နွေးထွေးတဲ့ ရယ်မောစရာအသံနဲ့ ချစ်ခြင်းမေတ္တာကို ပိုမိုတန်ဖိုးထားစေတဲ့ အရာတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks