အဗလိုင်း (ဆောင်းပါး)
နှစ်စဥ်နှစ်တိုင်း သင်္ကြန်ကာလနဲ့ နီးကပ်လာတဲ့ ဧပြီလဆန်းပိုင်းကစပြီး သင်္ကြန်အလွန်ကာလ နှစ်ဆန်း ၁၀ ရက်နေ့အထိကို တစ်ရက်ရင် တစ်ရွာ၊ နှစ်ရွာနှုန်းနဲ့ အလှည့်ကျဘုရားပွဲတော်ဓလေ့ ကျင်းပနေတဲ့ ဒေသတစ်ခုရှိပါတယ်။
အဲဒီဒေသကတော့ မော်လမြိုင်မြို့တစ်ဖက်ကမ်းမှာရှိတဲ့ ရေတွေပတ်လည်ဝိုင်းထားပြီး မွန်လူမျိုးစုတွေ အများဆုံးနေထိုင်တဲ့ ချောင်းဆုံမြို့နယ် (ခေါ်) ဘီလူးကျွန်းဒေသပဲ ဖြစ်ပါတယ်။
ဘီလူးကျွန်းဒေသမှာ ကျေးရွာအုပ်စု ၄၇ အုပ်စုရှိပြီး ကျေးရွာပေါင်း ၇၈ ရွာ ရှိပါတယ်။ ဘီလူးကျွန်းဘုရားပွဲတော်ဟာ ဘယ်အရပ်ဒေသမှာမှမရှိတဲ့ တစ်မူထူးခြားပြီး ကျေးရွာစဉ်လိုက်ဘုရားပွဲတော်လည်း ခေါ်ဆိုလို့ရသလို အလှူပွဲတော်ကြီးလို့လည်း ခေါ်ဆိုကြပါတယ်။
ဒီရိုးရာဓလေ့ ဘုရားပွဲတော်သည် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုချိန်အထိ ရိုးရာမပျက် ဘီလူးကျွန်းသူ၊ ဘီလူးကျွန်းသားများမှ လက်ဆင့်ကမ်းကျင်းပနေတာ ဖြစ်ပါတယ်။
“ကျနော်အသက် ၁၅ နှစ်ကတည်းက ဒီဘုရားပွဲတော်ဓလေ့ကို လုပ်နေကြတာ။ နှစ်ပေါင်းကတော့ ရာချီပြီးပေါ့။ အရင်ခေတ်ကတော့ နိုင်ငံရေးကြောင့် တစ်နေရာနဲ့တစ်နေရာ သွားလာဖို့က အင်မတန်မှ ခက်ခဲတယ်လေ၊ ဒီလိုမျိုးလုပ်မှ သွားလာလို့ လွယ်ကူမှာဆိုတော့၊ အဲကြောင့် အခုလို စီစဉ်လိုက်တာပေါ့” လို့ ရှေးလူကြီးတွေရဲ့ လက်ဆင့်ကမ်း ပြောပြချက်ကို အသက် ၈၀ ခန်ရှိပြီးဖြစ်တဲ့ ကမာမိုရွားသား နိုင်အောင်က ပြန်ပြောပြပါတယ်။
နောက်တစ်ချက်ကတော့ ဘီလူးကျွန်းဒေသဟာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ဒေသပါ။
အခုလို လယ်ယာလုပ်ငန်းခွင်ပြီးစီးချိန်နဲ့ မိုးမကျခင် လယ်ယာလုပ်ငန်းတွေ မစတင်မီအချိန်မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တစ်နှစ်တစ်ခါ တွေ့ဆုံကြပြီး လယ်ယာကဏ္ဍအပြင် ကိစ္စအဝဝကို အချင်းချင်း ဆွေးနွေးဖို့၊ အကြံပေးဖို့၊ အမြင်ချင်းဖလှယ်ကြဖို့ ရည်ရွယ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ဘုရားပွဲကျင်းပတဲ့ရွာမှာရှိတဲ့ နေအိမ်တိုင်းမှာ အစားအသောက်မျိုးစုံနဲ့ ပြင်ဆင်ဧည့်ခံကြပါတယ်။ မိမိအိမ်ကို လာရောက်တဲ့ ရပ်နီး၊ ရပ်ဝေးက ဧည့်သည်မှန်သမျှကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ လှိုက်လှိုက်လှဲလှဲနဲ့ ဧည်ခံကျွေးမွေးကြပါတယ်။
ဧည့်သည်တွေ အများကြီးကို ဧည့်ခံခွင့် ရရှိသွားတဲ့အိမ်ရှင်ဖြစ်သူတို့က ပျော်ပျော်ရွင်ရွင်နဲ့ ဂုဏ်ယူဝံ့ကြွားလေ့ရှိပြီး ဧည့်သည်နည်းတဲ့အိမ်ရှင်တွေကတော့ စိတ်မကောင်းဖြစ်တတ်ကြပါသေးတယ်။ အလွန်ချစ်စရာကောင်းတဲ့ မွန်ရိုးရာဓလေ့ပွဲတော်ပါ။
မိမိအိမ်ကို လာရောက်တဲ့ ဧည့်သည်တွေကလည်း အိမ်ရှင်တွေ ပြင်ဆင်ထားတဲ့ အစားအသောက်တွေ ဖြစ်တဲ့ မုန့်၊ အချိုရည်၊ ထမင်းဟင်းနဲ့ ယမကာတွေကိုပါ နည်းနည်းလေး သုံးဆောင်ပေးလိုက်မှ အိမ်ရှင်တွေက စိတ်ကျေနပ်မှု ရှိတတ်ကြပါတယ်။
ဒါ့အပြင် အိမ်ရှင်တွေက မိမိအိမ်ကို လာရောက်တဲ့လူငယ်ဧည့်သည်တွေကို မိမိသားသမီးတွေနဲ့ မိတ်ဆွေဖြစ်အောင် မိတ်ဖွဲ့ပေးလေ့ရှိပြီး ရည်းစားအထိပါ ဖြစ်သွားကြပါသေးတယ်။

“အရင်ကဆို ကိုယ်ရွာဘုရားပွဲမစခင် ၃ ရက်အလိုမှာ ဧည့်သည်တွေက ကိုယ်ရွာတွေမှာ ရောက်လာကြ ပြီးလေ။ အိမ်ရှင်တွေက ဧည့်သည်ရရင် တအားကိုပျော်ကြတာ၊ ဘာလို့လဲဆိုတော့ တစ်ခြားနယ်ကလူတွေနဲ့ ဖိတ်ဖွဲ့ရလို့လေ။ အဲဒီမိတ်ဖွဲ့ထားတဲ့လူတွေကလည်း တကယ်ဆွေမျိုးအရင်းလိုမျိုး ဖြစ်သွားကြတာ” လို့ နိုင်အောင်က ပြုံးပျော်နေတဲ့ မျက်နှာနဲ့ ပြောပါတယ်။
ဘုရားပွဲလာရောက်တဲ့ဧည့်သည်တွေက ဘုရားပွဲတော်နေ့မှာ တစ်အိမ်တက်တစ်အိမ်ဆင်း လှည့်လည် စားသောက်ကြပြီး နေ့လယ်အချိန်မှာတော့ ဘုရားစေတီဝင်း၊ ဘုန်းကြီးကျောင်းဝင်းတွေမှာ ရိုးရာလက် ဝှေ့ပွဲကိုလည်း ကြည့်ရှုကြရမှာပါ။ အဲဒီနောက် ညနေပိုင်းမှာတော့ ဘုရားဖူးတက်ကြပါတယ်။
နိုင်အောင်ဇာတိရွာဖြစ်တဲ့ ကမာမိုကျေးရွာရဲ့ ဘုရားပွဲတော်နေ့မှာဆိုရင်တော့ တစ်ခြားရွာတွေထက် တစ်မူထူခြားတာက မွန်ရိုးရာနွားလှည်းယာဉ်အလှပြိုင်ပွဲလည်း ကျင်းပပြုလုပ်နေတာပါ။
အရင်ခေတ်ကတော့ အိမ်တိုင်းလိုလိုမှာ နွားလှည်းတွေ ရှိကြပြီး မိမိအိမ်မှာရှိတဲ့ ဧည်သည်တွေကိုလည်း နွားလှည်းတွေနဲ့သာ ဘုရာဖူးလိုက်ပို့ပေးကြပါတယ်။ ဒါကြောင့် နွားလှည်းယာဉ်အလှပြိုင်ပွဲကို စီစဉ်ကျင်းပခဲ့ရတာပါ။
နွားလှည်းယာဉ်အလှပြိုင်ပွဲပုံစံကတော့ နွားလှည်းတစ်စီးချင်းကို နံပါတ်တွေတပ်ပေးထားပါတယ်။
မွန်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မွန်ကောင်လေး၊ ကောင်းမလေး ၃ ယောက်၊ ၄ ယောက်က လက်အုပ်ချီပြီး ထိုင်လျှက်အနေအထားနဲ့ လှည်းပေါ်မှာ ထိုင်ပြီး ရွာပတ်လှည့်လည်ကြရပါတယ်။
လှည်းယာဉ်အပါအဝင် ဝတ်စားဆင်ယင်ပုံကို စည်းကမ်းချက်နဲ့ ကိုက်ညီပြီး အလှဆုံးလှည်းကို ဒိုင်လူကြီးတွေက ရွေးချယ်ပေးရတာ ဖြစ်တယ်လို့ နိုင်အောင်က ပြောပါတယ်။
“အရင်တုန်းကတော့ ဘုရားကို နွားလှည်းနဲ့ တက်ဖူးကြတယ်လေ။ ညနေဘုရားတက်ချိန် ရောက်ပြီးဆိုတာနဲ့ လှည်းပေါင်း ၅၀၀ ကျော်က ဘုရားကိုစတက်ကြပြီ။ ကိုယ်အိမ်မှာ ဧည်ခံထားတဲ့ ဧည်သည်တွေကို နွားလှည်းနဲ့ပဲ ဘုရားဖူးလိုက်ပို့ကြတယ်။ အဲတော့ ဘယ်သူလှည်းယာဉ်က ဘယ်လိုလှတာလဲဆိုတာကို အမှတ်ပေးပြီး ပြိုင်ပွဲတစ်ခုလို စီစဉ်လိုက်ရတာပေါ့။ လှည်းပေါ်က လူငယ်တွေကလည်း အော်ဟစ်စနောက်ကျရင်း တော်တော်ပျော်စရာကောင်းခဲ့တာ”
ဒါပေမဲ့ မော်လမြိုင်မြို့ကနေ ဘီလူးကျွန်းဒေသကို ဆက်သွယ်ထားတဲ့ ဘီလူးကျွန်းတံတား စတင်ဖွင့် လှစ်ခဲ့တဲ့ ၂၀၁၇ ကစပြီး နွားလှည်းနဲ့ ဘုရားဖူးတက်တဲ့ဓလေ့က စတင်ပျောက်ကွယ်လာခဲ့ပါတယ်။
အခုနောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှုတို့ကြောင့် ဘီလူးကျွန်းဘုရားပွဲတော်ကို ဧည်သည်လာရောက်လည်ပတ်မှု ပိုများလာပါတယ်။
တစ်ဖက်မှာတော့ ဧည့်သည်တွေက ညအိပ်တာ၊ ရက်ရှည်နေထိုင်တာတွေ နည်းပါးသွားတဲ့အတွက် မိတ်ဖွဲ့တဲ့ဓလေ့ကလည်း တစ်ဖြည်းဖြည်းနဲ့ ပျောက်ကွယ်သလို ဖြစ်လာနေပါပြီ။
“ဧည်သည်တွေက နေ့ချင်းပြန်ဆိုတော့ မိတ်ဖွဲ့တာတွေက သိပ်မရှိတော့ဘူး။ ပျော်ပါးရုံပဲ၊ မိတ်ဖွဲ့ဖို့က စိတ်ကူးမရှိကြတော့ဘူး။ အခုခေတ်လူငယ်တွေကလည်း ဘုရားဖူးတက်တာကို နွားလှည်းအစား ဆိုင်ကယ်နဲ့ တက်တဲ့ပြိုင်ပွဲတွေပဲ လုပ်ပေးဖို့ တောင်းဆိုလာကြတယ်။ ကျနော်တို့ကတော့ ဒီဓလေ့တွေ မပျောက်ပျက်ဖို့က ဆက်ထိန်းသွားရမှာပဲ။ နောက်နောင်တွေမှာ ပျောက်တော့မယ်ဆိုတာကိုလည်း သိထားပြီသားပါ” လို့ နိုင်အောင်က စိတ်မကောင်းစွာ ပြောပါတယ်။
မည်သို့ဆိုစေ ယခုအချိန်ထိ ဒီအစဉ်အလာကို နှစ်ပေါင်းရာချီ ထိန်းသိမ်းလာခဲ့ကြတဲ့ ဘီလူးကျွန်းဒေသခံတွေကို စာရေးသူအနေနဲ့ ဂုဏ်ယူနေမိပါတယ်။
ရပ်နီး၊ ရပ်ဝေးဧည့်သည်တွေအနေနဲ့လည်း တစ်နှစ်မှတစ်ခါ၊ မြန်မာနိုင်ငံတစ်ဝန်းမှာ တစ်နေရာသာ တွေ့နိုင်မဲ့ ဘီလူးကျွန်းဘုရားပွဲတော်ရဲ့ ရိုးရာဓလေ့အစဉ်အလာတွေကို တစ်ခေါက်လောက် ရောက်အောင် သွားကြည့်ကြဖို့နဲ့ ဒီယဉ်ကျေးမှုအမွေအနှစ်လေးကို မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဆက်လက်ထိန်းသိမ်းသွားဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။



