Thursday, April 9, 2026
More
    spot_img
    Homeဆောင်းပါးစစ်ခေါင်းဆောင် သမ္မတဖြစ်ခြင်းက မြန်မာ့အကျပ်အတည်းအတွက် အဖြေဖြစ်မှာလား

    စစ်ခေါင်းဆောင် သမ္မတဖြစ်ခြင်းက မြန်မာ့အကျပ်အတည်းအတွက် အဖြေဖြစ်မှာလား

    -

    စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံ အကျပ်အတည်းကြားမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူးကို အတင်းအဓမ္မ ရယူလိုက်သည်။ အရပ်သားအစိုးရတစ်ရပ် ဖော်ဆောင်မည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်က အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး အဆိုရွေးကောက်ပွဲက ထွက်လာသည့်ရလဒ်ဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတနေရာယူကာ အစိုးရအဖွဲ့ ဖွဲ့စည်းသည်။

    စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်ဆီးသွားခဲ့ရသည့် နိုင်ငံတကာတရားဝင်မှု၊ စီးပွားရေးနှင့် စစ်ရေး အကျပ်အတည်းများကို သမ္မတရာထူး ဝင်ယူထားသည့် စစ်ခေါင်းဆောင်က တာဝန်ယူ ဖြေရှင်းပေးမည်လား၊ ဖြေရှင်းနိုင်မည်လားဆိုတာ မေးခွန်းထုတ်စရာဖြစ်သည်။

    သမ္မတလုပ်သူက နိုင်ငံတကာတရားရုံးများတွင် လူမျိုးတုန်းသတ်ဖြတ်မှုများနှင့်ပါ တရားစွဲခံထားရသည့်အတွက် နိုင်ငံတကာတွင်တရားဝင်မှု ရရှိရန် ခက်ခဲမည်ဟု တရားစွဲခဲ့သည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က ဆိုသည်။

    “မင်းအောင်လှိုင် သမ္မတရာထူးကို ရယူလိုက်တာဟာ မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ နိုင်ငံရေးအပြောင်းအလဲ မဟုတ်ပါဘူး။ ဒါဟာ အတိတ်က ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တာဝန်ယူရမယ့် ခေါင်းဆောင်ကိုယ်တိုင်ကဘဲ ရာထူးနာမည်တစ်ခု ပြောင်းလိုက်ပြီး စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တစ်ယောက်ကို ‘သမ္မတ’ လို့ နာမည်ပြောင်းခေါ်ရုံနဲ့ တရားဝင်မှု ဒါမှမဟုတ် တည်ငြိမ်မှုကို မရနိုင်ဘူး။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေ၊ ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို လစ်လျူရှုပြီး အကြမ်းဖက်မှုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဒီဇာတ်ခင်းအပြောင်းလဲကို ပုံမှန်အခြေအနေတစ်ခုလို မသတ်မှတ်မိဖို့ အထူးသတိထားရပါမယ်။” ဟု ဆိုသည်။

    အာဏာသိမ်းမှု အောင်မြင်ရန် ကြိုးပမ်းမှုကြောင့် ငါးနှစ်အတွင်း လူပေါင်း ရှစ်ထောင်နီးပါး သေဆုံးခဲ့ရပြီး တစ်သောင်းကျော် ထောင်ချခံခဲ့ရသည်။

    စစ်ရေးအခြေအနေအရကြည့်လျှင် စစ်တပ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နယ်မြေထိန်းချုပ်မှု လျော့နည်းလာသည်။

    အာဏာမသိမ်းခင်ကာလကထက် ပိုသည့် လက်နက်ကိုင်တော်လှန်မှုများ ဆက်ရှိနေပြီး လွှတ်တော်ကျင်းပနေချိန်တွင်ပင် စခန်းသိမ်းတိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများက ဆက်ရှိနေသည်။

    အာဏာသိမ်းမှုကြောင့် ပိုကြီးထွားလာသည့် စစ်မီးကိုလည်း သမ္မတရာထူးယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိန်းနိုင်ဖွယ်မရှိသလို အကြမ်းဖက်မှုများလည်း ရပ်တန့်ရန် မရှိနိုင်သေးဟု စစ်ရေးလေ့လာသုံးသပ်သူများက ဆိုသည်။

    စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က “တိုင်းရင်းသားတွေနဲ့တော့ ယာယီအပစ်ရပ်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့မှ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ အစရှိတဲ့ တိုင်းဒေသကြီး နယ်မြေတွေမှာ ပိုပြီးတော့ ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှုရော၊ စစ်ကြောင်းထိုးတာရော လုပ်လာမှာဖြစ်ပါတယ်။” ဟု ဆိုသည်။

    စစ်တပ် စိုးမိုးထားပြီးသား မြို့ကြီးများတွင်လည်း အထွေထွေအုပ်ချုပ်ရေးကဏ္ဍများတွင်ပါ စစ်အရာရှိများကို ထည့်သွင်းပြီး ထောက်လှမ်းရေးတစ်ခေတ်ကို ပြန်လည်ထူထောင်ရန် ပြင်ဆင်နေပြီဟုလည်း ၎င်းက ဆက်ပြောသည်။

    အစိုးရတစ်ရပ်နှင့်အတူ ငြိမ်းချမ်းရေးပွဲများကိုလည်း စစ်တပ်က တပါတည်း လုပ်ဆောင်နေသည့်အတွက် နောင်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ရှိလာမည်ဟု ပြောဆိုနေကြသည်။

    သို့သော်လည်း စစ်ရေးလေ့လာသုံးသပ်သူက “သူတို့လုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ 7 EAO လောက်နဲ့ပဲ ရမယ်။ တခြား ကချင်နဲ့ အပစ်ရပ်ဖို့လား၊ မဖြစ်နိုင်ဘူးလေ။ အခုနေ အပစ်ရပ်လိုက်မယ်၊ ငြိမ်းချမ်းရေးပြောမယ်ဆိုရင် စစ်တပ်က တစ်ခုခုပေးလိုက်ရတော့မှာ၊ ဒါကို စစ်တပ်က ဘယ်တော့မှ မလိုချင်ဘူး။ အဲဒီတော့ ရသလောက် တိုက်နေအုံးမှာပဲ။ မရတော့ရင်တော့ ပေးရင်လည်းပေးမှာပေါ့။ တိုက်ပွဲတွေကတော့ ဆက်မြင်နေရအုံးမှာပဲ” ဟု သုံးသပ်သည်။

    ဆုံးရှုံးထားသော နယ်မြေများ ပြန်လည်ထိန်းချုပ်နိုင်ရန် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ ဆက်လက်ပြုလုပ်နိုင်ကြောင်း ခန့်မှန်းထားသည်။

    ထို့ပြင် တိုင်းပြည်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်း၊ ကျပ်ငွေတန်ဖိုး လျော့နည်းခြင်း၊ အခြေခံကုန်စည်ဈေးနှုန်း မြင့်တက်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း လျော့နည်းခြင်းများ စသည့် အကျပ်အတည်းများကလည်း ဆက်ရှိနေသည်။

    အာဏာသိမ်းမှုကြောင့် ဆက်သွယ်ရေးအော်ပရေတာများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ဆက်တိုက်ထွက်ခွာခဲ့ကြပြီး ငွေကြေးတန်ဖိုးမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၁၀၀၀ ဝန်းကျင်မှ ၅၀၀၀ ကျပ် နီးပါးသို့ ဖောင်းပွသွားခဲ့ရသည်။

    ရွှေစျေးတက်လျှင် ရွှေဆိုင်ပိုင်ရှင်များကိုဖမ်း၊ ဆီစျေးတက်လျှင် ဆီဆိုင်ပိုင်ရှင်များကို ဖမ်းခြင်းကဲ့သို့ မူဝါဒအလွဲများနှင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများရှိနေခြင်းက စစ်အုပ်စုရဲ့ စီးပွားရေးပြန်လည်နာလန်ထူရေး အစီအစဉ်များအတွက် အဟန့်အတားများ ဖြစ်နေကြောင်း သုံးသပ်ကြသည်။

    အချုပ်အားဖြင့် လူထုနှင့် နိုင်ငံရေးယုံကြည်မှု တည်ဆောက်နိုင်မည်လား၊ စစ်ရေးပဋိပက္ခများ လျော့နည်းလာမည်လားနှင့် စီးပွားရေး ပြန်လည်တည်ငြိမ်နိုင်မလားဆိုသည်မှာ သမ္မတရာထူး ယူထားသည့် စစ်ခေါင်းဆောင် ဖြေရှင်းရမည့် ပုစ္ဆာများ ဖြစ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks