အမေရိကန်နှင့် အီရန်နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကို လျှော့ချရန် နှစ်ပတ်တာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ရပ်ရရှိခဲ့ပြီး အီရန်ဘက်မှ ဟော်မုဇ်ရေလက်ကြားကို ယာယီပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အား ဟော်မုခ်ရေလက်ကြားပြန်ဖွင့်ရန် သတ်မှတ်ထားသည့် နောက်ဆုံးချိန် (အင်္ဂါနေ့ည ၈ နာရီ) မတိုင်မီ မိနစ်အနည်းငယ်အတွင်း နှစ်ပတ်အကြာစစ်ရပ်စဲရေးနှင့် ဟော်မုခ်ရေလက်ကြားယာယီပြန်ဖွင့်ရေးကို သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညတွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာ့ဇ်ရှာရစ် (Shehbaz Sharif) နှင့် သမ္မတဒေါ်နယ်ထရမ့်တို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက်၊ “အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုများ နှစ်ပတ်ကြာ ရပ်ဆိုင်းရန် သဘောတူခဲ့တယ်” ဟု သမ္မတထရမ့်က ၎င်း၏ လူမှုကွန်ယက်စာမျက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပါကစ္စတန်ခေါင်းဆောင်များ၏ တောင်းဆိုချက်အရ တိုက်ခိုက်မှုများကို ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့ ယာယီစစ်ရေးရပ်စဲခြင်းမှာ အီရန်ဘက်မှ ဟော်မုဇ်ရေလက်ကြားကို ခြွင်းချက်မရှိ ပြန်လည်ဖွင့်လှစ်ပေးရန် သဘောတူညီမှုအပေါ် မူတည်နေကြောင်းလည်း ဖော်ပြထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာတ်ချီ (Abbas Araghchi) ကလည်း ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများကို နှစ်ပတ်အတွင်း လုံခြုံစွာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး “အီရန်အပေါ် တိုက်ခိုက်မှုများ ရပ်တန့်ပါက ကျနေော်တို့ရဲ့ ကာကွယ်ရေး စစ်ဆင်ရေးများကိုလည်း ရပ်ဆိုင်းမည်” ဟု ပြောဆိုခဲ့သည်။
အပစ်ရပ်ကြောင်းကြေညာပြီး မကြာမီမှာပင် အမေရိကန်နှင့်အီရန် ညှိုးနှိုင်းဆွေးနွေးပွဲကို လာမည့် ဧပြီလ ၁၁ ရက်နေ့မှစတင်၍ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်ဟု အီရန် အမျိုးသားလုံခြုံရေးကောင်စီက (Supreme National Security Council)က ထုတ်ပြန်ထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောသွားလာမှု ပြန်လည်အဆင်ပြေစေရေး၊ စီးပွားရေးပိတ်ဆို့မှုများ လျှော့ချရေးနှင့် ဒေသတွင်းရှိ အမေရိကန်စစ်တပ်များ ရုပ်သိမ်းရေး စသည့် အရေးကြီးအချက်များကို အပြီးသတ်ညှိနှိုင်းရန် ရည်ရွယ်ထားကြောင်း သိရသည်။
စစ်ရပ်စဲရေးသတင်း ထုတ်ပြန်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းများ လျင်မြန်စွာ ထိုးကျသွားခဲ့ပြီး၊ မေလပို့ကုန်အတွက် အမေရိကန်ရေနံစိမ်း (WTI) ဈေးနှုန်းသည် ၁၆ ရာခိုင်နှုန်းကျော် ကျဆင်းကာ တစ်စည်လျှင် ၉၄.၄၇ ဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု၏ ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသည့် အရေးပါသော သင်္ဘောလမ်းကြောင်းဖြစ်ပြီး၊ အီရန်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော စစ်ရေးတင်းမာမှုများအပေါ် တုံ့ပြန်မှုအဖြစ် ယင်းရေလက်ကြားကို ပိတ်ဆို့ခဲ့သည်။
ကိုးကား-AI Jazeera, BBC



