တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အောက်ပိုင်းမှ ဒေသခံပြည်သူ ၈၀ ကျော်ကို စစ်ကော်မရှင်စစ်ကြောင်းမှ နှစ်ပတ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံ စုံစမ်းသိရှိရသည်။
မေလနောက်ဆုံးအပတ်မှ ဧပြီလပထမအပတ်အထိ ဖမ်းဆီးခံထားသည့် ဒေသခံ ၈၀ ကျော်တို့သည် သရက်ချောင်းမြို့နယ်အောက်ပိုင်းရှိ သဲချောင်းသား၊ ချောင်းဝပြင်၊ မင်းဒပ်၊ ဝင်းဝ၊ စုံစင်၊ ဂုံညင်းဆိပ်မှ ဒေသခံများ ဖြစ်သည်ဟုလည်း သိရသည်။
စစ်ကော်မရှင်အဖွဲ့မှ ဖမ်းဆီးထားသည့် ဒေသခံများကို အကာအကွယ်ယူကာ ၎င်းတို့ပြန်လည်ထိန်းချုပ်ထားသည့် ဝင်းဝတပ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု သရက်ချောင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဖမ်းဆီးခံလိုက်ရတဲ့လူတွေက ဝင်းဝတပ်စခန်းမှာပဲ ရှိနေတယ်လို့ကြားတယ်။ တစ်ယောက်မှ အဆက်အသွယ်မရဘူး။ သေလားရှင်လားတောင် မသိဘူး။ တော်လှန်ရေးတပ်ဘက်က နောက်ဆုတ်သွားပြီးဆိုပေမဲ့။ စစ်တပ်က ရမ်းသမ်းပြီး လက်နက်ကြီးနဲ့ပစ်နေတာ။ ဟိုဘက်က ပြန်ပစ်မှာ ကြောက်ပြီးတော့ ဖမ်းထားတဲ့သူတွေကို ဝင်းဝစခန်းမှာ ထားထားတယ် သူတို့စစ်ကြောင်းထွက်ရင်လည်း သူတို့နဲ့အတူသွားရတာပဲ ” ဟု ပြောသည်။
ဒေသခံ ၈၀ ကျော်တွင် လူငယ်၊ သက်ကြီးရွယ်အိုများလည်း ပါဝင်နေပြီး ချောင်းဝပြင်ကျေးရွာမှ အများဆုံးဖြစ်ပြီး မိသားစုနှင့်လည်း အဆက်အသွယ်မရသေးပေ။
ဖမ်းဆီးရသူ၏ မိသားစုဝင်တစ်ဦးက “သူတို့ဖမ်းဝာာက တခါတည်းဖမ်းတာမဟုတ်ဘူး။ မတ်လ မကုန်ခင်ကတည်းကဖမ်းနေတယ် မနေ့က တစ်ယောက်နှစ်ယောက်အဖမ်းခံလိုက်ရသေးတယ်။ စစ်တပ်က သူတို့စစ်ကြောင်းနဲ့ တိုးရင်တိုးသလို လိုက်ဖမ်းနေတာ ကျတော်တူလေးဆို နွားကျောင်းရင်နဲ့ အဖမ်းခံရတာ အကိုလဲပါသွားသေးတယ်။ တစ်ရွာမှာ ၈ ယောက် ၁၀ ယောက်ရှိတယ် ” ဟု အမျိုးသားတစ်ဦးက ပြောသည်။
ဝင်းဝတပ်စခန်းကို စစ်ကော်မရှင်အဖွဲ့မှ ပြန်လည်ထိန်းချုပ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု ရပ်နားထားသော်လည်း ဝင်းဝစခန်းမှ လက်နက်ကြီး ရမ်းသမ်းပြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသအတွင်းရှိ အမျိုးသမီးတစ်ဦးက ပြောသည်။
အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းရှိ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မတ်လ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုင်ခဲ့ပြီး စစ်ကော်မရှင်အဖွဲ့မှ ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုများဖြင့် မတ်လ ၃၁ ရက်နေ့တွင် ပြန်လည်ထိန်းချုုပ်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းနှင့် အနီးဝန်းကျင်ရွာကို ရောက်နေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းက ဒေသခံများ၏ ဆိုင်ကယ်များကို သိမ်းပြီး ပိုက်ဆံနှင့်ပြန်ရွေးခိုင်းခဲ့သေးကြောင်းလည်း သိရသည်။
သရက်ချောင်းမြို့နယ်အောက်ပိုင်းရှိ ကျေးရွာ ၂၀ ရွာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် တိုက်ပွဲနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ ကျော်ကြာ စစ်ဘေးရှောင်နေရပြီး ဖုန်းလိုင်းဖြတ်တောက်ထားခြင်းကြောင့် အကူအညီရရှိမှုနည်းပါးနေသည်ဟု သိရသည်။



