မွန်ပြည်နယ်အစိုးရအဖွဲ့သစ်ကို ဝန်ကြီးချုပ်ကအစ တိုင်းရင်းသားရေးရာဝန်ကြီးအထိ စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် အများစု ဝင်ရောက်နေရာယူထားသည်။
မွန်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူချုပ် အောင်ဝင်းသန်းကို ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်ခဲ့သည်။
ယမန်နေ့ ဧပြီလ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာန ၇ ခုအတွက် ဝန်ကြီး ၇ ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးတို့ကို ဆက်လက် ခန့်အပ်ခဲ့သည်။

ဝန်ကြီးဌာန ၇ ခုအတွက် ဝန်ကြီး ၇ ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးတို့တွင် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် ၇ ဦး ပါဝင်ပြီး၊ မွန်ညီညွှတ်ရေးပါတီက ကိုယ်စားလှယ် ၂ ဦးနှင့် ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ် ၁ ဦး ပါဝင်သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို သမ္မတနေရာယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးပို့ထားသည့် အမည်စာရင်းများအတိုင်း ကန့်ကွက်သူမရှိ လွှတ်တော်က အတည်ပြု ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့သစ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှာ –
(၁) ဝန်ကြီးချုပ် – တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်း
(၂) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး – တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ကျော်စွာမြင့်
(၃) စီမံကိန်း၊ စီပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး – မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် နိုင်လယိတမ
(၄) လူမှုရေးဝန်ကြီး – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် တင့်ဇော်ထွန်း
(၅) လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမင်းဇေယျာဦး
(၆) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမင်းမြင့်မောင်လေး
(၇) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး – မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ် မိလဝီဟန်
(၈) စည်ပင်သာယာရေးဝန်ကြီး – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ အောင်မြတ်ကျော်စိန်
(၉) ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး – ပအိုဝ်းအမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ် ဦးချစ်သိန်း
(၁၀) ကရင်တိုင်းရင်းသားရေးရာဝန်ကြီး – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးစောအောင်ကျော်သိန်း
(၁၁) ဗမာတိုင်းရင်းသားရေးရာဝန်ကြီး – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမျိုးမင်းလှိုင်တို့ ဖြစ်သည်။
စစ်တပ်၏ ပြည်နယ်အစိုးရအဖွဲ့သစ်တွင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် နိုင်လယိတမသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်
ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်ထိ စီးပွားရေးဝန်ကြီးအဖြစ် ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
မကြာသေးခင်ကလည်း နိုင်လယိတမကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် မိလဝီဟန်ကတော့ စစ်အုပ်စုကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲကနေ ရေးမြို့နယ် မဲဆန္ဒနယ်မြေမှ
အနိုင်ရရှိထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။
စစ်အုပ်စုက ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားထဲတွင် မွန်ညီညွတ်ရေးပါတီကို ဆွဲထည့်ထားသည်မှာ အာဏာသိမ်းပြီးကတည်းက ဖြစ်ပြီး ယခုလည်း ၎င်းတို့ လွှမ်းမိုးထားသည့် အစိုးရအဖွဲ့သစ်ထဲတွင် မွန်ညီညွတ်ရေးပါတီကို ထပ်ပြီး နေရာပေးခဲ့သည်။
ပြည်နယ်အဆင့် စီမံခန့်ခွဲမှုနှင့် မူဝါဒချမှတ်သည့်အပိုင်းတွင် မွန်ညီညွတ်ရေးပါတီ ပါဝင်ခွင့်ရခြင်းအားဖြင့် မွန်လူမျိုးတို့၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းက ကာကွယ်ရန် ကြိုးပမ်းနိုင်သည်ဆိုသည့် မျှော်လင့်ချက် ထားနိုင်သော်လည်း တဘက်တွင် စစ်တပ်နှင့် ၎င်းတို့လူများဖြင့် လွှမ်းမိုးထားသည့် ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွတ်ရေးပါတီအနေဖြင့် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီး သုံးသပ်မှုလည်း ရှိနေသည်။
“အစိုးရအဖွဲ့မှာ MUP ပါလည်း လုပ်ပိုင်ခွင့် အာဏာက စစ်တပ်လက်ထဲမှာလေ။ အသံတောင် မထွက်ရဲတာ။ နိုင်လယိတမကိုပဲ ကြည့်လေ ဘာလုပ်နိုင်လဲ၊ ဘာလုပ်ရဲလဲ၊ ရှေ့ဆက်လည်း ဒီအတိုင်းပဲ သွားမှာ” ဟု မွန်နိုင်ငံရေး စောင့်ကြည့်လေ့လာနေသည့် လူငယ်တစ်ဦးက ပြောသည်။
စစ်တပ်နှင့် စစ်တပ်လူများ လွှမ်းမိုးထားသည့် ပြည်နယ်အစိုးရအဖွဲ့ထဲတွင် မွန်ညီညွတ်ရေးပါတီအနေဖြင့်
မွန်ပြည်သူလူထု၏ လုံခြုံရေးနှင့် ဒေသအကျိုးစီးပွားကို အမှန်တကယ် ကာကွယ်ပေးနိုင်မလား သို့မဟုတ် အမည်ခံရုံသက်သက်ပဲလားဆိုတာ စောင့်ကြည့်ရဦးမည်ဖြစ်သည်။



