အယ်ဒီတာ့အာဘော်
မတ်လ၊ ဧပြီလအတွင်း နေ့အပူရှိန်သည် သိသိသာသာ မြင့်တက်နေပြီး စံချိန်တင်အဆင့်သို့ ရောက်ရှိနေသည်။ ပူပြင်းလွန်းသော နေအပူရှိန်ကြောင့် အပူလျှပ်ခြင်း (Heatstroke) နှင့် အပူဒဏ်ကြောင့် နုံးချိခြင်း (Heat Exhaustion) ကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ကျန်းမာရေးအခြေအနေများကို အထူးသတိထားရန် လိုအပ်နေသည်။ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများအတွက် ပိုမိုစိုးရိမ်ရသည်။

နေပူရှိန်ပြင်းသည့်ကာလတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မကြာခဏ ရေသောက်ပါ။ နေပူထဲသွားလျှင် ရေကို ပိုပြီးသောက်ရန် လိုအပ်သည်။ ခန္ဓာကိုယ် ချွေးထွက်များပြီဆိုလျှင်လည်း ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက်မှု မရှိစေရန် ဓာတ်ဆားရေ သောက်ပေးရန် လိုအပ်သည်။ အပြင်ထွက်လျှင် အပူဒဏ်ခံနိုင်သည့် အဝတ်အစားအပြင်အဆင်၊ လေဝင်လေထွက်ကောင်းသည့် ပွပွချောင်ချောင် ချည်သားအင်္ကျီမျိုး၊ အပူစုပ်ယူမှုနည်းသည့် အရောင်ဖျော့သည့် အဝတ်အစားမျိုးကို ဝတ်ဆင်သင့်သည်။ တတ်နိုင်သမျှ အရိပ်ရသည့်နေရာတွင် နေထိုင်ပြီး အပူရှိန်အမြင့်ဆုံးအချိန်ဖြစ်သည့် နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းကို ရှောင်ရှားနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး မဖြစ်မနေ ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ် အကာအကွယ်တစ်ခုခု ဆောင်းပြီး နေကာမျက်မှန် တပ်ဆင်သင့်သည်။
အပူရှိန်ပြင်းသည့် ပတ်ဝန်းကျင်တွင် အကြာကြီးနေထိုင်ခြင်း၊ ခန္ဓာကိုယ်အင်အားကို သုံးပြီး အလုပ်လုပ်ခြင်း၊ ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ ပူအိုက်ပြီး လေဝင်လေထွက်နည်းသည့် အခန်း၊ နေရာတွင် အကြာကြီး နေထိုင်ခြင်းသည် အပူရှုပ်ခြင်းကို ဖြစ်စေနိုင်သည့်အတွက် အထူးသတိထား ရှောင်ရှားရမည်ဖြစ်သည်။ အပူဒဏ်ကြောင့် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်အပူချိန် အလွန်အမင်း တက်လာခြင်း စသည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ဆေးကုသမှု ခံယူရမည်ဖြစ်သည်။
မြန်မာပြည်သူများသည် အပူချိန်မြင့်တက်မှု၏ ဆိုးကျိုးကို ခံစားနေရရုံသာမက၊ စက်သုံးဆီပြတ်လပ်မှုနှင့် အာဏာသိမ်းစစ်အုပ်စု၏ စီမံခန့်ခွဲမှု အားနည်းမှုများကြောင့် ဖြစ်ပေါ်လာသည့် နာရီပေါင်းများစွာ ဆီတန်းစီရသည့် ဒုက္ခကိုပါ နှစ်ထပ်ကွမ်း ခံစားနေကြရသည်။ ပူပြင်းလှသော တန်ခူးလ၏ နေပူရှိန်အောက်တွင် နာရီပေါင်းများစွာ အကာအကွယ်မဲ့ ဆီတန်းစီနေကြရခြင်းသည် သာမန်ပင်ပန်းနွမ်းနယ်မှုထက် ကျော်လွန်ကာ အပူလျှပ်ခြင်း (Heatstroke) ကဲ့သို့သော အသက်သေဆုံးသည်အထိ အန္တရာယ်ရှိသည့် ကျန်းမာရေးအကျပ်အတည်းဆီသို့ ဦးတည်တွန်းပို့နေသကဲ့သို့ ရှိနေသည်။
ဆီဆိုင်များရှေ့က ရှည်လျားလှသော ဆိုင်ကယ်၊ ကားတန်းကြီးများသည် စီးပွားရေးကျဆင်းမှု၏ ပြယုဂ်များသာမက၊ ပြည်သူတို့၏ အသက်ရှင်သန်ခွင့်နှင့် ကျန်းမာရေးကိုပါ ခြိမ်းခြောက်နေသည့် မြင်ကွင်းများလည်း ဖြစ်သည်။ အသက်အရွယ်ကြီးရင့်သူများနှင့် အခြေခံလူတန်းစားများ၊ အငှားယာဉ်မောင်းများသည် ဝမ်းစာအတွက် အပူရှိန်ပြင်းပြင်းအောက်တွင် ဆီတန်းစီရင်း မူးဝေခြင်း၊ သတိလစ်လဲကျခြင်း၊ အပူရှုပ်ပြီး ဆေးရုံဆေးခန်းရောက်ကာ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နေခြင်းသည် အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်များပင် ဖြစ်သည်။
အာဏာသိမ်းစစ်တပ် အုပ်ချုပ်မှုအောက်က ပြည်သူများ အထွေထွေအကျပ်အတည်းများနှင့် ရင်ဆိုင်နေရချိန် အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အပူရှိန်အန္တရာယ်ကို အထူးအလေးထားကာ ကြိုတင်ကာကွယ်မှုများဖြင့် အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။



