အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လက်ရှိတွင် စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအသွင်ပြောင်း၍ သမ္မတရာထူးအား ရယူလိုက်ပြီ ဖြစ်သည်။
စစ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၇) ခုသည် စစ်အုပ်စုနှင့် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။
စစ်အုပ်စုက ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲအလွန် လွှတ်တော်ပေါ်လာခြင်းကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ရောက်ရှိလာရန် ကြိုးစားရမည်ဖြစ်ကြောင်း 7 EAO Alliance အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

“မျှော်လင့်ချက်တစ်ခုတော့ ထားတာပေါ့ဗျာ ကျနော်တို့လည်း။ ဟိုအရင်တုန်းကတော့ ဟို အစိုးရလည်း မရှိဘူးလေ၊ လွှတ်တော်လည်း မရှိဘူး။ အဲ့ဒီကာလတစ်ခုအောက်မှာ ကျနော်တို့က ခုနက ဆရာတို့ပြောတဲ့ ထိတွေ့ဆက်ဆံမှုတွေကတော့ ရှိပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုက ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့တော့ ကျနော်တို့ နားမလည်ပါဘူးခင်ဗျာ။ ၂၀၂၁ ဒီ နောက်ပိုင်းမှာဆိုလို့ရှိရင် ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲတွေက မရှိတော့ဘူးလေ။ NCA လမ်းကြောင်းအရ လုပ်နေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတို့၊ ဒါ ပြည်ထောင်စုညီလာခံတို့ ဘာတို့ဆိုတာ အဲ့ဒါ ရပ်တန့်သွားပြီလေ မရှိတော့ဘူးလေ” ဟု ပြောသည်။
မိမိတို့ 7 EAO Alliance အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်နိုင်ခဲ့သည်မှာ ၅ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး လက်ရှိ မင်းအောင်လှိုင် သမ္မတ ဖြစ်လာပြီးနောက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အဆင့်တစ်ခုရောက်ရန် ကြိုးစားရဦးမည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၌ စစ်အုပ်စုက ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်က ပြုလုပ်သော နိုင်ငံတော်သမ္မတ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
လက်ရှိ စစ်အုပ်စုက အစိုးရတစ်ရပ်ဖွဲ့စည်း၍ လုပ်ဆောင်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ပေါ်လစီများ အပြောင်းအလဲရှိနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဥက္ကဋ္ဌ စိုင်းညွှန့်လွင်၊ ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမြအေးတို့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB) သည် ပဋိပက္ခများဖြေရှင်းရန်အတွက် သက်ဆိုင်သူများ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေး လုပ်ဆောင်မှုများလည်း ရှိနေသည်။
7 EAO Alliance အဖွဲ့အနေဖြင့်လည်း အခက်အခဲကြားက ပြည်ထောင်စုငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်နေကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။
“ကျနော်တို့ နိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ လျှော့ချဖို့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ ပြန်စနိုင်ဖို့ ပြည်ထောင်စုတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးကို ပြောနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ဆိုလို့ရှိရင် သက်ဆိုင်ရာ အင်အားစုတွေကတော့ သူ့နည်း သူ့ဟန်နဲ့ကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိလိမ့်မယ် ထင်ပါတယ်” ဟု ပြောသည်။
ထို့ကြောင့် စစ်အုပ်စုက ဖွဲ့စည်းနေသော အစိုးရအလွန် နိုင်ငံရေးအခင်းအကျင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ ပေါ်လာနိုင်ကြောင်း 7 EAO Alliance အဖွဲ့က မျှော်လင့်မှုများလည်း ရှိနေသည်။
အဆိုပါ 7 EAO Alliance အဖွဲ့ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ဖြင့် ဖွဲ့စည်းထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အရပ်သားအစိုးရထံ အာဏာသိမ်းယူထားသည့် စစ်အုပ်စုသည် ပြည်သူလူထုတို့ လက်မခံသော ရွေးကောက်ပွဲကို ကျင်းပ၍ အစိုးရဖွဲ့စည်းနေပြီး ပြည်သူလူထုအပါအဝင် ဒီမိုကရေစီအင်အားစုများ၊ တော်လှန်ရေးအင်အားစုများ၊ အာဆီယံ၊ နိုင်ငံတကာအဖွဲ့အစည်းများက လက်မခံကြကြောင်း သိရသည်။




