ထိုင်းနိုင်ငံအတွင်း လောင်စာဆီများကို ချွေးတာထိန်းသိမ်းရန်အတွက် ညပိုင်း ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ဓာတ်ဆီရောင်းချမှုကို ကန့်သတ်ရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ် အာနုတင် ချာန်ဝီရာကူးလ်က ယနေ့ ဧပြီလ ၇ ရက်နေ့နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော တင်းမာမှုများကြောင့် လောင်စာဆီရရှိမှုများအပေါ် ထိခိုက်နိုင်ခြေရှိသဖြင့် လောင်စာဆီချွေတာရေးဆိုင်ရာ အစီအစဉ်များကို ပြီးခဲ့သည့် မတ်လကပင် ပြင်ဆင်နေပြီး ဓာတ်ဆီဆိုင်များ၏ လုပ်ငန်းလည်ပတ်ချိန်ကို ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ကန့်သတ်ရန် စီစဉ်လျှက်ရှိသည်။

ဝန်ကြီးချုပ် အာနုတင် ချာန်ဝီရာကူးလ်က သင်္ကြန်ကာလအတွင်း ပြည်သူများ၏ ခရီးသွားလာမှုများကို ထိခိုက်မှုမရှိစေရန်အတွက် သင်္ကြန်ပွဲတော်ပြီးနောက် ဧပြီလ ၂၀ ရက်နေ့အပြီးမှသာ အကောင်အထည်ဖော်နိုင်မည်ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ်အနေဖြင့် လောင်စာဆီထိန်းသိမ်းမှုနှင့် ပတ်သက်သည့် အရေးပေါ်ညွှန်ကြားချက်အနက် ထိရောက်မှုအရှိဆုံးကို အသုံးပြုသွားမည်ဟုသာ ပြောကြားပြီး အချိန်ဇယားကို သေချာထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
ထိုအပြင် ဆော်ဒီအာရေဗျက အာရှနိုင်ငံများကို မေလတွင် တင်ပို့ရောင်းချမည့် ရေနံဈေးကို ၁၇ ဒေါ်လာအထိ တိုးမြှင့်လိုက်သဖြင့် ထိုင်းနိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းတက်လာနိုင်ကြောင်းလည်း ဆိုသည်။
ထို့ကြောင့် ဝန်ကြီးချုပ် အနုထင်က စွမ်းအင်ဝန်ကြီးဌာနကို ရေနံသန့်စင်စက်ရုံများ၏ အမြတ်နှုန်းနှင့် ဆီဈေးနှုန်းသတ်မှတ်ချက်များကို လေ့လာသုံးသပ်ရန် ညွှန်ကြားထားပြီး သက်ဆိုင်ရာ ဝန်ကြီးများနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေကြောင်းလည်း ပြောကြားထားသည်။




