Tuesday, April 7, 2026
More
    spot_img
    Homeသတင်းအလစ်ဝင်တိုက်ခိုက်ခံရသည့် ခေါဇာအခြေစိုက် ခလရ ၃၁ တပ်ရင်းမှ လက်နက်ကြီးကြောင့် တံငါသည် ၃ ဦး သေဆုံး

    အလစ်ဝင်တိုက်ခိုက်ခံရသည့် ခေါဇာအခြေစိုက် ခလရ ၃၁ တပ်ရင်းမှ လက်နက်ကြီးကြောင့် တံငါသည် ၃ ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အလစ်ဝင်တိုက်ခိုက်ခံရသည့် ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွှေ့ပြောင်းလုပ်သား တံငါသည် ၃ ဦး သေဆုံးသွားသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

    ယမန်နေ့ ဧပြီလ ၅ ရက်နေ့ ည ၉ နာရီကျော်တွင် ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်း၏ ကာကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ညီနောင်တပ်ရင်းများဖြစ်သည့် နည်းဗျူဟာ ၃၃  ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် ၈၀၀၂ တို့မှ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ကော်မရှင်တပ်ရင်းမှ လက်နက်ကြီး၊လက်နက်ငယ်အမြောက်အများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  မီးတိုင်တတ်ရွာရှိ တံငါသည်အမျိုးသား ၃ ဦး ကျည်စထိမှန်ကာ သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    ပုံ-MSRF 

    “သူတို့ ၃ ယောက်လုံးက ဂဏန်းတွေရှာပြီး ရွာထဲရောင်းနေကြတဲ့သူတွေ၊ သူတို့ထိတဲ့အချိန်က အကုန်လုံးက လန့်နေကြတော့ ဘယ်သူမှ အလောင်းသွားမယူရဲဘူး။ ဒီမနက်မှ နာရေးကားသွား ယူထားတာ၊ အလောင်းတွေကလည်း ပျက်စီးကုန်နေပြီး”ဟု ၎င်းက ပြောသည်။

    အဆိုပါ တံငါသည်အမျိုးသား ၃ ဦးသည် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြပြီ မီးတိုင်တတ်ရွာထိပ်တွင် တဲဆောက်ကာ နေထိုင်ကြသည်။

    ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင်လည်း အဆိုပါတပ်ရင်း ၃၁ မှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သေးပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

    “ဒီနေ့မနက်မှာလည်း ထပ်ပစ်လို့ ကျောင်းတက်နေတဲ့ကလေးတွေကို ကျောင်းလွှတ်လိုက်ရတယ်။ ပစ်သံကလည်း တစ်ဖက်ပစ်သံတွေကြီးပဲ။ သတင်းဆိုးတွေ သူတို့ကြားထားလို့ ကာပြီး ပစ်နေတာ ဖြစ်မယ်”ဟု အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။

    အလစ်ဝင်တိုက်ခိုက်မှုတွင် ရန်သူစစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ခေါဇာမြို့အတွင်း ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်သားများ ညီနောင်တပ်ဖွဲ့များထံ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသေးသည်။

    ခေါဇာမြို့အခြေစိုက် ခလရ ၃၁ တပ်ရင်းသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့်သတင်းကြောင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks