Tuesday, April 7, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကို နိုင်ငံရေးပုံမှန်ခြေလှမ်းအဖြစ် အဓိပ္ပာယ်အမှားမကောက်ယူရန် BNI မှ နိုင်ငံတကာသို့ တိုက်တွန်း

    ရွေးကောက်ပွဲကို နိုင်ငံရေးပုံမှန်ခြေလှမ်းအဖြစ် အဓိပ္ပာယ်အမှားမကောက်ယူရန် BNI မှ နိုင်ငံတကာသို့ တိုက်တွန်း

    -

    တရားဝင်မှုကင်းမဲ့ပြီး ဖိနှိပ်ချုပ်ချယ်မှုများဖြင့် ပုံဖော်ထားသည့် ရွေးကောက်ပွဲကို နိုင်ငံရေးပုံမှန်ခြေလှမ်းအဖြစ် အဓိပ္ပာယ်အမှား မကောက်ယူရန် နိုင်ငံတကာမြန်မာ့သတင်း BNI မှ ဧပြီ ၅ ရက်နေ့တွင် ကျင်းပသည့် ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ မိတ်ဆက်ပွဲတွင် နိုင်ငံတကာသို့ တိုက်တွန်းပြောကြားသည်။

    အစီရင်ခံစာအရ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းကို တစ်နိုင်ငံအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၆၇ မြို့နယ်တွင် လုံးဝမကျင်းပနိုင်ခဲ့ကြောင်း၊ ကျင်းပခဲ့သည့်မြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ပြည်သူလူထု ၃၆၈၂ ဦး မဲပေးခွင့် ဆုံးရှုံးခဲ့ရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ယနေ့အထိ ဖြစ်ပွားနေသည်။

    နိုင်ငံတကာအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် မူဝါဒများသည် ပြည်သူများ၏ မြေပြင်ရှိပကတိအခြေအနေများ၊ အထူးသဖြင့် ဖယ်ကြဉ်ခံထားရသူများ၏ အသံများကိုသာ ဗဟိုပြု၍ ချဉ်းကပ်ဆောင်ရွက်သင့်ကြောင်း BNI မီဒီယာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ မအားမီက ဆိုသည်။

    “ပြည်သူလူထုရဲ့ ငြင်းပယ်မှုတွေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်မပြုမှုတွေက ရွေးကောက်ပွဲက တရားဝင်မှုနဲ့ အလှမ်းဝေးနေသေးတယ်ဆိုတာ ပြောလို့ရတယ်။ ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲကို နိုင်ငံရေးပုံမှန်ခြေလှမ်းလို့ အဓိပ္ပာယ်အမှားမကောက်ဖို့ မြေပြင်မှာရှိပြီး ဖယ်ကြဉ်ခံထားရသူတွေရဲ့ အသံကိုနားထောင်ဖို့ BNI ကိုယ်စား ကျမက တိုက်တွန်းပါတယ်” ဟု ပြောသည်။

    ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အရပ်သားအစိုးရ အယောင်ဆောင် ရွေးကောက်ပွဲဖြစ်ကြောင်းကို နိုင်ငံတကာအဖွဲ့အစည်း၊ အာဆီယံအဖွဲ့အစည်းများ ဆက်တိုက် ထုတ်ပြန်လာသည့် အပေါ်တွင်လည်း ငြင်းဆို၍ မရကြောင်း ဆိုထားသည်။

    ရွေးကောက်ပွဲအလွန် ၂၀၂၆ သည်လည်း ပြောင်းလဲမှု တစ်စုံတစ်ရာမရှိနိုင်ကြောင်း၊ ကဏ္ဍစုံ ပါဝင်လာမှုသည် အကန့်အသတ်နည်းသဖြင့် မကျေလည်မှုများနှင့် နယ်မြေစိုးမိုးရေးစစ်ပွဲသာ ဆက်ရှိလာမည်ဟု မဇ္ဈိမသတင်းဌာန မန်နေးဂျင်းအယ်ဒီတာ ဦးစိန်ဝင်းက ပြောသည်။

    “ရွေးကောက်ပွဲ pre planning သေချာကို အကွက်ရိုက်ထားတယ် အရင်လူဟောင်းကိုပဲ အဝတ်အစားလဲထားတယ် မကျေနပ်မှုတွေ မကျေလည်မှုတွေ ဆက်ရှိနေမယ် စစ်ပွဲတွေ ဆက်ဖြစ်နေတယ် နယ်မြေစိုးမိုးမှုဟာ အဆုံးအဖြတ်ဖြစ်တဲ့အတွက် နိုင်ငံရေးဖြေရှင်းချက်မရှိဘူးဆိုတာ သိတဲ့အတွက် နယ်မြေစိုးမိုးရေး စစ်ပွဲတွေ ဖြစ်လိမ့်မယ်” ဟု ဆိုသည်။

    ထို့အပြင် နှစ်ဖက်စလုံး၏အားပြိုင်မှု ဆက်လက်ရွှေ့လျားမည်ဖြစ်သဖြင့် နှစ်ဖက်ထိန်းချုပ်ဒေသများတွင် စီးပွားရေးအကျပ်အတည်း ကြုံတွေ့လာရနိုင်ပြီး၊ စစ်အုပ်စု အခင်းအကျင်းအသစ်နှင့် ပတ်သက်၍လည်း စိန်ခေါ်မှုများ အသစ်မလွဲမသွေ ကြုံတွေ့လာမည်ဟု ၎င်းကဆက်ပြောသည်။

    BNI မှ “ရွေးချယ်ခွင့်မဲ့ မဲဆန္ဒရှင်များ” တိုင်းရင်းသားဒေသများမှ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များဆန်းစစ်ခြင်း အစီရင်ခံစာမိတ်ဆက်ခြင်း အခမ်းအနားကို ယမန်နေ့ ဧပြီ ၆ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် တစ်နာရီကျော်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးအရွေ့တွင် အထောက်အကူဖြစ်စေရန် BNI အဖွဲ့ဝင်များ၏ မြေပြင်သတင်းအချက်အလက်များကို အခြေခံ၍ အစီရင်ခံစာ ရေးသားပြုစုခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကာလ ၃ ခုနှင့်ဆိုင်သော အခြေအနေများကို ဆက်လက်စောင့်ကြည့်ကာ အစီရင်ခံစာများ ဆက်လက်ပြုစုသွားရန်ရှိကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks