၂၀၂၆ ခုနှစ် ဧပြီလအစောပိုင်းတွင် ကမ္ဘာတစ်ဝှမ်း အပူချိန်များ မြင့်တက်လျက်ရှိနေပြီး ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် မြန်မာနိုင်ငံမှ မြို့ကြီးများ ခြောက်ရက်ဆက်တိုက်ပါဝင်နေကြောင်း ကမ္ဘာ့ရာသီဥတု စောင့်ကြည့်လေ့လာရေးဝက်ဘ်ဆိုက် (Eldorado Weather)၏ ဖော်ပြချက်အရ သိရသည်။
ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း အချက်အလက်များအရ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ ချောက်၊ မကွေး၊ မင်းဘူး၊ မုံရွာနှင့် ရွှေဘို မြို့များ ပါဝင်နေဆဲဖြစ်သည်။

ချောက်မြို့သည် ကမ္ဘာ့အပူဆုံးမြို့ အဆင့် ၁ အနေဖြင့် အပူချိန် ၄၂.၇ °C နှင့် ရပ်တည်နေပြီး၊ မကွေးမှာ အဆင့် ၃ နေရာဖြင့် ၄၂ °C ၊ မင်းဘူးမှာ အဆင့် (၄) နေရာဖြင့် ၄၁.၅ °C ၊ မုံရွာမှာ အဆင့် (၆) နေရာဖြင့် ၄၁.၂ °C ၊ ရွှေဘိုမှာ အဆင့် (၇) နေရာဖြင့် ၄၁.၂ °C အသီးသီး ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံမှ ကမ္ဘာ့အပူဆုံးမြို့အဖြစ် ဧပြီလ (၂) ရက်နေ့မှ စတင်ပြီး ထိပ်ဆုံးနေရာများတွင် ဆက်တိုက်ရပ်တည်လျက်ပြီး၊ ချောက်၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ မုံရွာ၊ ရွှေဘို၊ အောင်လံနှင့် မန္တလေးမြို့တို့သည် အပူဆုံး (၁၅) မြို့စာရင်းတွင် မကြာခဏ ပါဝင်လျှက်ရှိသည်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ယမန်နေ့ခန့်မှန်းချက်များအရ ဧပြီလအတွင်း မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ခရမ်းလွန်ရောင်ခြည် (UV Index) ၁၁ အထက်အထိ မြင့်တက်နိုင်ကြောင်း ဆိုသည်။
အပူရှိန်ပြင်းထန်မှုကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် အပူလျှပ်ခြင်း (Heatstroke) နှင့် အခြား အပူဒဏ်ဆိုင်ရာ ကျန်းမာရေးပြဿနာများ ပိုမိုဖြစ်ပေါ်စေနိုင်ပြီး၊ ပြင်းထန်သည့် နေရောင်ခြည်အောက်တွင် အလုပ်လုပ်သူများအနေဖြင့် အပူကြောင့် လေဖြတ်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် အသားအရေနီမြန်းလာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ထို့ကြောင့် နေ့လယ်အပူချိန်အမြင့်ဆုံးအချိန်များတွင် အပြင်ထွက်ခြင်းကို လျှော့ချရန်နှင့် မဖြစ်မနေထွက်ရပါက ထီး၊ ဦးထုတ်၊ နေကာမျက်မှန်များ အသုံးပြုခြင်းနှင့် နေရောင်ကာခရင်မ် လိမ်းထားခြင်းတို့ လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားသည်။



