မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ကျေးရွာအလိုက်ပြုလုပ်နေသည့် ဘုရားပွဲသို့ ရပ်ဝေးမှ ဧည့်သည်များ လာရောက်သူနည်းနိုင်သဖြင့် ပျော်ပွဲရွှင်ပွဲနှင့် ဧည့်ခံကျွေးမွေးရေးအစီအစဉ်များကို အခြေအနေအရ ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံနှင့် ဘုရားပွဲကျင်းပရေး တာဝန်ရှိသူများက ပြောသည်။
စစ်တပ်အာဏာသိမ်းကာလအတွင်း လူငယ်များနည်းပါးသွားသည့် ချောင်းဆုံမြို့နယ်တွင် လက်ရှိ စုံ၊မ စနစ်အသွားအလာ ကန့်သတ်ချက်နှင့် စက်သုံးဆီရရှိမှု အခက်အခဲကြောင့် သင်္ကြန်အကြိုနေ့တွင် စတင်ပြုလုပ်မည့် ရက်ရှည်ဘုရားပွဲသို့ ရပ်ဝေးဧည့်သည်များ နည်းမည်ဟု ခန့်မှန်းထားကြသည်။
မည်သည့်ပမာဏခန့် ချက်ပြုတ်တည်ခင်းမည်ကို မသတ်မှတ်သော်လည်း အလေအလွင့်မဖြစ်စေရေး အခြေအနေအရ ဧည့်ခံကျွေးမွေးရေးအစီအစဉ်များကို ပြုလုပ်သွားမည်ဟု ကမာမိုရွာခံတစ်ဦးက ပြောသည်။
“သင်္ကြန်အကြိုကနေ ဆက်တိုက်ပဲ ချက်ပြုတ်ပြင်ဆင်ရတယ်။ ဒီနှစ်အတွက်က အခြေအနေ ကြည့်ရမှာပေါ့လေ။ သင်္ကြန်အထိ ဆီကိစ္စ ဘယ်လိုလာမလဲ မသိဘူး။ ဆီအခက်အခဲကြားဆိုရင် လူနည်းသွားမယ်လို့ တွက်ချက်ထားတာပဲ။ လျော့သွားဖို့တော့ ပိုများမယ်။ တိုးလာတော့ သိပ်မရှိဘူး။ ကိုယ့်သားသမီးတွေ အိမ်မှာမရှိတော့ သူ့သူငယ်ချင်းတွေလည်း မရောက်တော့တာပေါ့” ဟု ပြောသည်။
ချောင်းဆုံ (၆၄) ရွာဘုရားပွဲဟု လူသိများထင်ရှားခဲ့သည့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ဒေသရှိ ကျေးရွာများ၏ ဘုရားပွဲများအား မဟာသင်္ကြန်အကြိုနေ့မှစတင်၍ နှစ်ဆန်း (၁၀) ရက်အထိကျင်းပပြုလုပ်ကြလေ့ရှိသည်။
ချောင်းဆုံဘုရားပွဲတွင် မွန်ဒေသတွင်း ဧည့်သည်များအပြင် မန္တလေး၊ ရန်ကုန်၊ ပဲခူးနှင့် မြဝတီ စသည့် ဒေသမှ ရပ်ဝေးဧည့်သည်များ လာရောက်လေ့ရှိသည်။
ပြီးခဲ့သည့် တပေါင်းလဆန်း ၁၃ ရက်၊ ၁၄ ရက်နှင့် လပြည့်ရက်က ကျင်းပခဲ့သည့် ချောင်းဆုံ၊ နှီးမုတ်ကျေးရွာ ဘုရားပွဲ၏ လူသွားလူလာအခြေအနေများကို ကြည့်ခြင်းအားဖြင့် သင်္ကြန်ကာလ ရက်ရှည်ဘုရားပွဲလည်း လာရောက်သူနည်းပါးမည်ဟု ဆိုသည်။
ကွမ်ရိုက်ရွာခံတစ်ဦးက “မော်လမြိုင်မှာ စုံ၊မ ဖမ်းနေတော့ သေချာပေါက် လူနည်းမှာပေါ့ ပြီးခဲ့တဲ့ ဘုရားပွဲမှာဆိုရင် ၁၂ နာရီလောက်ကတည်းက ဧည့်သည် မရှိတော့ဘူး။ ခါတိုင်းနှစ်ဆို ၃ နာရီ ၄ နာရီအထိပေါ့ ဒီနှစ်က ဆီလည်းတန်းစီနေရတယ်။ ရပ်ဝေးက ဧည့်သည်ဆို စုံ၊မနေ့ဆို မလာဖြစ်ကြဘူး။ လမ်းမှာဆိုလည်း လူငယ်တွေ နည်းသွားတယ် လက်ဝှေ့ပွဲတွေလည်း မငှားကြတော့ဘူး။ ” ဟုပြောသည်။
အားကစားပွဲများ မရှိသော်လည်း ဘုရားပွဲကျင်းပမည့် ကျေးရွာအချို့တွင် ဇာတ်ပွဲများပါ ထည့်သွင်းကျင်းပရန် စီစဉ်ထားသလို လမ်းလျှောက်သင်္ကြန်ကျင်းပရန် အစီအစဉ်များရှိကြောင်းလည်း သိရသည်။
ချောင်းဆုံဘုရားပွဲကို ခေတ်အဆက်ဆက် အစဉ်အလာအတိုင်း ကျင်းပခဲ့ကြပြီး၊ ၂၀၁၇ ခုနှစ် ချောင်းဆုံတံတား ဖွင့်ပွဲပြီးနောက်ပိုင်း မော်တော်ယာဉ်ဖြင့် လာရောက်သူများပြားပြီး ပိုမိုစည်ကားလာခဲ့သည်။



ပုံ- Facebook page (2025 ချောင်းဆုံဘုရားပွဲ)



