Sunday, April 5, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်း ဗုံးကြဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးလာသဖြင့် မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဒရုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၄ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ သိရသည်။

    မတ်လ ၃၁ ရက်နေ့က အောင်သပြေကျေးရွာအနီးတွင် စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးလာသည်ကို ဒရုန်းဖြင့် ဗုံး ၆ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်ဟု MSRF မှ ဧပြီ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

    မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲတို့ တိုက်ခိုက်မှုအတွင်း ပူးပေါင်းပါဝင်ခဲ့သည်။

    အလားတူ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ကလည်း အောင်သပြေရွာအနီးရှိ စစ်ကော်မရှင်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်အဖွဲ့မှ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိသည်။

    ရေးမြို့နယ်မြောက်ပိုင်းအတွင်းရှိ ကျေးရွာများ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီမှစ၍ ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းများ ယနေ့အထိ  ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ ဆက်တိုက် စစ်ကြောင်းထိုးနေသဖြင့် ရော်ဘာခြံလုပ်သားများ အစေးခြစ်ရန် အခက်ကြုံနေရသည်ဟု ရေးဒေသခံအမျိုးတစ်ဦးက ပြောသည်။

    “ သူတို့တွေ(စစ်တပ်) လိုက်ပတ်နေတော့လေ ခြံသမားတွေ မခြစ်ရဲတော့ဘူး။ ကြောက်နေရတယ် ညဘက်ဆိုလဲ သေနတ်သံတွေ ကြားနေရတယ်။ ညလယ်မှာ မနက်အစောမှာ ခြစ်ကြတာများတယ်လေ သူတို့မြင်ရင် ကိုယ့်ကိုဖမ်းလိုက်မလား သတ်လိုက်မလား စိုးရိမ်းနေကြတာ။ တစ်ချို့ဆို လုံးဝနားလိုက်တယ် မခြစ်ကြတော့ဘူး” ဟု ရေးဒေသခံအမျိုးတစ်ဦး ပြောသည်။

    ဥယျာဉ်ခြံလုပ်ကိုင်နေသည့် ဒေသခံများ၏ ဖုန်းနှင့် ငွေများ သိမ်းဆည်းခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်မှုများ လုပ်ဆောင်ခံနေရသဖြင့် ထိန့်လန့်နေရကြောင်းလည်း ဆိုသည်။

    စစ်တပ်က ရေးမြို့နယ် မြောက်ပိုင်း၊ ရေး-သံဖြူဇရပ်ကြား အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေသည့်အတွက် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။

    ပြီးခဲ့သည့် မတ်လအတွင်း စစ်ကော်မရှင် စစ်ကြောင်း နေရာယူထားသည့် အောင်သာယာကျေးရွာနှင့် လိမ္မော်ခြံကျေးရွာအနီးတစ်ဝိုက်တွင် နှစ်ဖက် ထိတွေ့တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks