မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ထိန်းချုပ်ရာ ကျေးရွာများတွင် ရပ်နားထားသည့် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်ပြီး DKBA တပ်သားများမှ စစ်ဝတ်စုံအပြည့်ဖြင့် လုံခြုံရေးပေးနေကြောင်း သိရသည်။
လောင်းကစားဝိုင်းများကို တစ်ရွာမှတစ်ရွာ ပြောင်းရွှေ့ဖွင့်လှစ်နေသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့နှင့် လုပ်ငန်းရှင်များသည် မြကုန်းကျေးရွာ၊ ဦးတိုချောင်ကျေးရွာနှင့် မွေဟောက်ကျေးရွာတွင် ၂၀၂၅ နှစ်ကုန်ပိုင်းက ရပ်နားထားသည့် လောင်းကစားဝိုင်းများကို ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
အဆိုပါလောင်းကစားဝိုင်းများကို DKBA၊ BGF အဖွဲ့နှင့် နီးစပ်သည့် လုပ်ငန်းရှင်များက ကန်ထရိုက်ယူထားပြီး DKBA တပ်ဖွဲ့ဝင်များက စစ်ဝတ်စုံအပြည့်အစုံဖြင့် လုံခြုံရေးပေးထားကြောင်း ကျိုက်မရောဒေသခံ အမျိုးသားတစ်ဦး ဆိုသည်။

“လောင်းကစားဝိုင်းတွေက ပြန်စလာပြန်ပြီ။ အခု အရင်လို ပြန်ဖွင့်လာပြန်ပြီ။ အဲ ၃ ရွာမှာပဲ အလှည့်ကျ ဖွင့်နေတာ။ တစ်ခြားရွာမှာက ဘုန်းကြီးတွေ၊ ရွာသူ၊ ရွာသားတွေ ဖွင့်ဖို့စိတ်အားမသန်လို့ ဖွင့်ခွင့်မရဘူး လေ။ ဘာပွဲတော်မှ မရှိဘူး၊ ဇာတ်ပွဲတစ်ပွဲကို ရက်ရှည်ငှားထားပြီး ဟိုရွာပြောင်းလိုက်၊ ဒီရွာပြောင်း လိုက်နဲ့ ဖွင့်နေတာ” ဟု အထက်ပါအမျိုးသားက ပြောသည်။
လောင်းကစားဝိုင်းများ၏ အကျိုးဆက်ကြောင့် ယမန်နှစ်က အဆိုပါကျေးရွာအတွင်း နေထိုင်သူဒေသခံများ နေအိမ်ရှိပစ္စည်များ၊ ခြံထွက်သီးနှံများ မကြာခဏ ပျောက်ဆုံးမှုဖြစ်ခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ကော့ဒွန်းကော့ပနော့ကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။
လက်ရှိ လောင်းကစားဝိုင်းများ ပြန်လည် လည်ပတ်လာသည့်အပေါ် အဆိုပါကိစ္စများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
“မနှစ်ကတော့ ကျနော်တို့ရွာမှာ တစ်ညတည်းကို ဆိုင်ကယ် ၃ စီးတောင် ပျောက်သွားတယ်။ ကံကောင်းလို့ သူခိုးတွေကို ဖမ်းမိလိုက်တယ်။ အရင်ကတော့ အဲလိုတော့ မကြားဖူးဘူး။ အစကတော့ ပျော်စရာကောင်းပေမဲ့ ကြာလာရင်တော့ အရူပ်အထွေတွေက များတယ်” ဟု လူငယ်က ပြောသည်။
ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများ၏ အကောက်အခွန်များကို လုပ်ငန်းရှင်များက ကောက်ခံပြီး DKBA တပ်ဖွဲ့ဝင်များ ကစားဝိုင်းအတွင်းရှိ ဈေးဆိုင်များ၊ ဆိုင်ကယ်စီးနင်းသူများက အကောက်အခွန် ရရှိနေကြောင်း သိရသည်
၂၀၂၃ ခုနှစ်မှစပြီး မွန်ပြည်နယ် မြို့နယ်အများစုတွင် ပွဲလမ်းသဘင်အကြောင်းပြပြီး စစ်ကော်မရှင်လက်အောက်ခံအဖွဲ့များမှ ရန်ပုံငွေရရှိရေး လောင်းကစားဝိုင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ နောက်ပိုင်းတွင် စစ်ကော်မရှင်လက်အောက်ခံ ဒေသတွင်းလက်နက်ကိုင်အဖွဲ့များမှလည်း ဦးဆောင်ပါဝင်လာနေသည်။
လောင်းကစားများကြောင့် စိတ်အနှောက်အယှက်ဖြစ်ပြီး ကျန်းမာရေးကိစ္စပါထိခိုက်လာသဖြင့် လောင်းကစားဝိုင်းအနီး နေထိုင်သူများ နေအိမ်ပြောင်းရွှေ့ခြင်းများလည်း လုပ်ဆောင်နေကြသည်။



