မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အမှတ်(၈) ကားလမ်းမကြီး၊ ရောင်းဒေါင်း-ကွမ်လှာ လမ်းပိုင်းတွင် ပစ်ခတ်မှုကြောင့် ကုန်တင်ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ရပြီး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဧပြီလ ၄ ရက် ညနေ ၄ နာရီခွဲ အချိန်ခန့်က ရောင်းဒေါင်း-ကွမ်လှာ လမ်းပိုင်းပေါ် မောင်းနှင်လာသည့် စစ်တပ်ယာဉ်နှစ်စီးကို ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့မှ နာရီဝက်ကြာ ပစ်ခတ်မှုတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားစဉ် ငပိတင်ဆောင်းလာသည့် ကုန်တင်ယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်မိရာမှ ကုန်တင်ယာဉ်မောင်းကို သေနတ်ထိမှန်ခဲ့ပြီး နေရာတွင် သေဆုံသွားရကြောင်း ပြောသည်။

“နာရီဝက်လောက် ပစ်နေတဲ့ အသံကြားနေတယ် ခဏအကြာတော့ ကယ်ဆယ်ရေးကားတွေ မော်လမြိုင်ပေါ်ကို တက်သွားတယ် ကားသမားကတော့ သေသွားတယ်၊ သူနဲ့အတူ စီးလာတဲ့ အမျိုးသမီးတစ်ဦးက ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ကုန်တင်ယာဉ်မောင်းသည် မြောက်ဥက္ကလာပမြို့၊ ဝေဘာဂီရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် ဦးအောင်သူဝင်းဆိုသူဖြစ်ကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနာရီပိုင်းအကြာ ယာဉ်ပိတ်ဆို့မှုဖြစ်ပွားခဲ့သော်လည်း ထိုနေ့တွင်ပင် ဖြတ်သန်းသွားလာခွင့် ရရှိခဲ့သည်။
စစ်ယာဉ်ပေါ်ရှိ စစ်ကော်မရှင်တပ်သားအချို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပစ်ခတ်မှုအတွင်း ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သတ်၍ IMNA မှ အတည်ပြုမေးမြန်းနေဆဲဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုပစ်ခတ်မှုဖြစ်ပွားခဲ့သည့် လမ်းပိုင်းသည် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP(AD) အပါအဝင် အခြားတော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားသည့်နေရာဒေသဖြစ်ပြီး ပစ်ခတ်မှုများလည်း မကြာခဏဖြစ်ပွားနေသည်။



