Sunday, April 5, 2026
More
    spot_img
    Homeသတင်းတစ်နာရီရောင်း တစ်ညလုံးစောင့်တဲ့ မွန်ပြည်နယ် စက်သုံးဆီ

    တစ်နာရီရောင်း တစ်ညလုံးစောင့်တဲ့ မွန်ပြည်နယ် စက်သုံးဆီ

    -

    သရော်စာ-သော်တာ

    စက်သုံးဆီဝယ်ယူသူတွေ မနစ်နာစေဖို့ လိုက်နာရမဲ့စည်းကမ်းတွေကို စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးဌာနက ဆက်တိုက်ထုတ်ပြန်နေပါတယ်။ ထုတ်ပြန်တာကတော့ လျှပ်စီးလပ်သလို မြန်တယ်။ ဆီရရှိဖို့ကတော့ မိုးရွာရင်ပဲဖြစ်နိုင်မဲ့ အဖြစ်အပျက်လို ဖြစ်နေပါတယ်။

    ဒီနေ့ စနစ်တစ်ခု၊ မနက်ဖြန် စနစ်တစ်ခု၊ သဘက်ခါ စနစ်တစ်ခုဆိုပေမဲ့ ဆီဆိုင်ရှေ့မှာ တန်းစီနေတဲ့ လူအုပ်ကြီးကတော့ စနစ်ပြောင်းတိုင်း ပိုရှည်လာပြီး မပြတ်မတောက် ရှိနေဆဲပါ။

    ပြည်သူတွေကတော့ ကိုယ်နဲ့နီးတဲ့ စက်သုံးဆီဆိုင်က ဘယ်အချိန် “ဆီရောင်းတော့မယ်” ဆိုတဲ့ သတင်း နားစွင့်နေရတဲ့အလုပ်ကို နေ့စဉ်လုပ်နေရပါတယ်။ ဆီရောင်းပေးတဲ့အချိန်ကို မကြားလိုက်တဲ့သူကတော့ ကံကောင်းသူ မဖြစ်တော့ပါဘူး။

    ဆီဆိုင်တွေက တစ်ခါတစ်ရံ “မနက် ၉ နာရီ ဆီရောင်းမယ်” လို့ ကြိုပြောတတ်ပေမဲ့၊ တစ်ခါတစ်ရံတော့ မပြောဘဲ ရုတ်တရက်ဖွင့်၊ ရုတ်တရက်ပိတ်နဲ့ ကားနဲ့ဆိုင်ကယ်တွေ အပြေးအလွှားနဲ့ သွားတန်းစီရပါတယ်။

    တစ်နေ့ ဆီရောင်းချချိန် တစ်နာရီပဲ ရှိပေမဲ့ ဆီဝယ်သူတွေကတော့ ညလုံးပေါက် တန်းစီရတာကို အခမဲ့ ဝန်ဆောင်မှုအဖြစ် ရရှိနေကြတာပါ။

    စစ်ကောင်စီရဲ့ စည်းကမ်းကို စက်သုံးဆီဆိုင်တွေ  မလိုက်နာဘူးဆိုတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ စည်းကမ်းက အမိန့်စာထဲမှာပဲ အသက်ရှင်နေပြီး ဆိုင်ကတော့ သူ့စိတ်ကြိုက် ရောင်းချခွင့်ရနေတာပါ။

    အရေးပေါ်လူနာတင်ယာဉ်တောင် “စုံ/မ စနစ်” မလွတ်ဘူး။ လူနာက အသက်ရှင်ဖို့လိုပေမဲ့ ယာဉ်ကတော့ နံပါတ်မှန်ဖို့ ပိုလိုနေတာပါ။ ဒီမှာတော့ အသက်ထက် စနစ်က အရေးကြီးတဲ့ နိုင်ငံအဖြစ်နဲ့လည်း တွေ့နိုင်ပါသေးတယ်။

    အစောပိုင်းက “ဆိုင်ကယ်တစ်စီးကို ၁၀,၀၀၀ ကျပ်အထိ ဝယ်ခွင့်ရှိတယ် ” ဆိုပေမဲ့ မြေပြင်အခြေအနေကတော့ နှစ်ရက် ၅,၀၀၀၊ တစ်ခါတစ်လေ ၃,၀၀၀ ဆိုတော့ ဆီမဝယ်ဘဲ မျှော်လင့်ချက်ပဲ ဝယ်နေရသလို ဖြစ်နေပါတယ်။

    အခုတစ်ခါတော့ ခရီးအကွာအဝေးတွက်ပြီး ဆီရောင်းမယ်ဆိုတဲ့ စနစ်သစ် ထပ်ထွက်လာပြန်တယ်။ မသမာမှုတွေကို ထိန်းချုပ်ဖို့ဆိုပေမဲ့ လက်တွေ့မှာတော့ မသမာမှုကို ထိန်းချုပ်ဖို့ စနစ်အသစ် ထပ်တိုးရသလို ဖြစ်နေပါတယ်။

    စည်ကမ်းချက်တွေ ဘယ်လိုပဲတိုးတိုး ဆီမရှိဘူးဆိုတဲ့စာတန်းကို ဆိုင်တိုင်းက တူတူညီညီ ကပ်ထားတာကတော့ ဒီနိုင်ငံမှာ အညီညွတ်ဆုံး စနစ်တစ်ခုအဖြစ် ချီးကျူးစရာကောင်းနေတာပါ။ မညီတာက ဆီ၊ ညီတာက “မရှိပါ” ဆိုတဲ့ စာတန်းပါ။

    အချုပ်အားဖြင့်တော့ ဆီပြဿနာဟာ စက်သုံးဆီပဲ မဟုတ်တော့ဘဲ ပြည်သူ့ဘဝကို စမ်းသပ်နေတဲ့ နေ့စဉ်လေ့ကျင့်ခန်းတစ်ခုလို ဖြစ်လာနေပါပြီ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks