မွန်ပြည်နယ်၊ သထုံမြို့နယ်မှ အသက် ၄ နှစ်အရွယ် ဝမ်းပျက်ဝမ်းလျှော လူနာကလေးငယ်တစ်ဦး သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် ဆေးထိုးကုသမှုခံယူပြီးနောက် မိနစ်ပိုင်းအတွင်း သေဆုံးသွားခဲ့ရသဖြင့် ထိုးသွင်းပေးထားသည့်ဆေးနှင့် ပတ်သက်၍ မိဘအုပ်ထိန်းသူများက သံသယဖြစ်နေကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့က သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကလိကျွန်းကျေးရွာမှ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသည့် အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးကို အဘွားဖြစ်သူက သိမ်ဆိပ်တိုက်နယ်ဆေးရုံနှင့် ချိတ်ဆက်ထားသော ပြင်ပဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့သည်။
ဆေးခန်းတွင် တာဝန်ခံဆရာဝန်မှ ကလေးငယ်အား တိုက်နယ်ဆေးရုံသို့ လွှဲပြောင်းကာ ဆေးထိုးရန် ညွှန်ကြားခဲ့သဖြင့် ဆေးရုံရှိ သူနာပြုဆရာမတစ်ဦးက ဆေးထိုးပေးခဲ့ပြီး အိမ်ပြန်ရန် ထွက်ခွာစဉ် ကလေးငယ် သေဆုံးသွားခဲ့ရသည်ဟု ကာယကံရှင်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ဘာဆေးထိုးခဲ့တာလဲတော့ မသိခဲ့ဘူး၊ ဒါပေမဲ့ ကလေးက မူမမှန်တာခံစားရတယ်လို့ အဘွားက ပြောတယ်၊ အဘွားကလည်းမသိ ဆေးထိုးထားတာဆို ဘာမဖြစ်ဘူးထင်တာ” ဟု ကလိကျွန်းရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဆေးရုံဝင်းမှ မထွက်ခွာမီ ကလေးငယ်က မျက်စိနှင့် နှုတ်ခမ်းများ ပူစပ်ပူလောင်ခံစားရသည်ဟုဆိုပြီး ခဏအကြာတွင် မေ့မျောကာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
ထို့ကြောင့် ကလေးငယ်အား ထိုးသွင်းထားသော ဆေးနှင့် ပတ်သက်၍ ရပ်ရွာလူကြီးများနှင့်အတူ မိဘအုပ်ထိန်းသူများက ဆေးရုံတာဝန်ရှိသူများထံ မေးမြန်းသော်လည်း ရှင်းလင်းပြောကြားခြင်းမရှိပေ။
“အမှုဖွင့်ချင်ဖွင့်၊ တရားစွဲချင်စွဲ ကြိုက်သလို လုပ်နိုင်တယ်” ဟုသာ ဆေးရုံဘက်မှ တုံ့ပြန်ခဲ့ပြီး မိဘအုပ်ထိန်းသူဘက်မှ မည်သို့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားမည်ကို မသိရသေးကြောင်း အထက်ပါဒေသခံက ပြောသည်။
သိမ်ဆိပ်ဒေသခံအများစုသည် ကျန်းမာရေးကိစ္စတစ်စုံတစ်ရာအတွက် တိုက်နယ်ဆေးရုံကို အားထားရသော်လည်း ဆေးရုံနှင့် ချိတ်ဆက်ထားရသည့် ဆေးခန်းတာဝန်ရှိသူများအပြင် ဆေးရုံတာဝန်ရှိသူများ၏ တာဝန်မဲ့လုပ်ရပ်များကို မကြာခဏကြုံရကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
သထုံဒေသခံတစ်ဦးက “ကျနော်တို့က နေမကောင်းဖြစ်ရင် ဒီဆေးရုံကိုပဲ မှီခိုနေကြတာ။ ဒါပေမဲ့ ဆရာဝန်တွေက သိပ်ဂရုမစိုက်ဘူး၊ သူနာပြုဆရာမတွေကိုပဲ လွှဲအပ်ပေးတာများတယ်။ ကိုယ်က ဘာမှမသိလို့ ဆေးရုံသွားတာလေ၊ အဲလိုတွေကြုံရတော့ ဖြစ်သလိုလုပ်ပေးနေသလို ခံစားရတယ်။ ဆရာဝန်တွေ တာဝန်အပြည့် ယူစေချင်တယ်” ဟု ဆိုသည်။
Hello ဆရာဝန်မှ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာကလေးငယ်များသည် ဆေးရုံရှိ ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် အသေအချာ ကုသမှုခံယူရမည်ဖြစ်ပြီး ရှော့ခ်ဖြစ်ခြင်း၊ သွေးပေါင်ကျခြင်းနှင့် သေဆုံးခြင်းများဖြစ်နိုင်ကြောင်း ဆိုထားသည်။
ကလေးငယ်များအား ဝမ်းပိတ်ဆေးနှင့် ပဋိဇီဝဆေးများအသုံးပြုခြင်းသည် ရေဓာတ်ခမ်းခြောက်မှုကို ပိုမိုဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် သတိပြုရန်လည်း ရေးသားဖော်ပြထားသည်။




