Friday, April 3, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင်၏ ဆီဝယ်ယူခွင့်သတ်မှတ်ချက်နှင့် မြေပြင်ဝယ်ယူရရှိမှု လုံးဝကွာခြား

    စစ်ကော်မရှင်၏ ဆီဝယ်ယူခွင့်သတ်မှတ်ချက်နှင့် မြေပြင်ဝယ်ယူရရှိမှု လုံးဝကွာခြား

    -

    မွန်ပြည်နယ်၊ ၁၀ မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စစ်ကော်မရှင်မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဆီဝယ်ယူခွင့်ပမာဏနှင့် မြေပြင်တွင် ဒေသခံပြည်သူများ စက်သုံးဆီဝယ်ယူရရှိမှု လုံးဝကွာခြားမှုရှိနေကြောင်း ယာဉ်အသုံးပြုသူများက ပြောသည်။

    စစ်ကော်မရှင်လက်အောက်ခံ မွန်ပြည်နယ်၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ ယာဉ်အမျိုးအစားအလိုက် ရောင်းချပေးရန် လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်နှင့် စည်ပင်အမှိုက်သိမ်းယာဉ်များ အရေးပေါ် လိုအပ်ချက်ရှိပါက သက်ဆိုင်ရာအသင်းအဖွဲ့/ဌာနအကြီးအကဲများ၏ ထောက်ခံချက်ဖြင့် ” စုံ / မ စနစ် ” မခွဲခြားဘဲ ရောင်းချပေးရန် ဖော်ပြထားသည်။

    သို့သော် စက်သုံးဆီအရောင်းဆိုင်အများစု သတ်မှတ်စနစ်အတိုင်း မရောင်းချသည့်အပြင် အရေးပေါ်လူနာတင်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း  “စုံ/မ စနစ်”  ဖြင့်သာ ရောင်းချပေးကြောင်း လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

    “ကားပေါ်မှာလည်း အရေးပေါ်ဗိုက်နာတဲ့လူနာပါလာတယ်။ ဆီဆိုင်ရောက်တော့ ဆီထည့်ပေးလို့ရမလား လူနာပါလို့ပါ ပြောတာကို၊ သူတို့က စုံလားမလားမေးတယ်၊ ဝှီးတက်ရောပါလားမေးတယ်၊ ဝှီးတက် လည်းမရှိလို့ ထည့်ပေးလို့မရဘူးတဲ့။ စည်းကမ်းလိုက်နာတဲ့” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့်သူတစ်ဦးက ပြောသည်။

    စက်သုံးဆီဂယက် စတင်သည့်အချိန်ကပင် မွန်ပြည်နယ်အတွင်း ဆိုင်ကယ်အသုံးပြုသူများ ၁၀၀၀၀ ကျပ်အထိ ဆီဝယ်ယူနိုင်သည်ဟု ဆိုထားသော်လည်း နှစ်ရက် ၅၀၀၀ ကျပ် (သို့) နှစ်ရက် ၃၀၀၀ ကျပ်နှုန်းဖြင့် အချိန်အတန်ကြာတန်းစီပြီးမှသာ ဝယ်ယူရရှိနေကြောင်း မွန်ပြည်နယ် ရပ်၊ကျေး ဒေသခံများက ပြောသည်။

    မုဒုံဒေသခံတစ်ဦးက “ဘာစာပဲထုတ်ထုတ် သူတို့ပေးချင်သလောက်ပဲပေးတယ်လေ၊ ဆိုင်တိုင်းတော့ မဟုတ်ဘူး။ ရောင်းပေး တဲ့ဆိုင်လည်း ရှိတယ်။ ဒါမဲ့ အချို့ဆိုင်ဆို ၅၀၀၀၊ ၇၀၀၀ အဲ့လောက်ပဲ ပေးတယ်လေ” ဟု ပြောသည်။

    စုံ၊ မ ရက် ကန့်သတ်၍ အသွားအလာကန့်သတ်ထားခြင်းသည် မွန်ပြည်နယ် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပေါ် များစွာရိုက်ခတ်လာနေသည့်အပြင် စက်သုံးဆီရောင်းချပေးနေသည့်စနစ်သည်လည်း ယာဉ်အသုံးပြုသူများအတွက် အဆင်မပြေဖြစ်နေသည်။

    ရာမညအင်စတီကျူ လူထုအခြေပြု နိုင်ငံရေးသုတေသနမှအချက်အလက်အရ ၈၈ ရာခိုင်နှုန်းကျော်သော မွန်ဒေသခံများ စက်သုံးဆီကို အလွယ်တကူဝယ်ယူမရရှိသောကြောင်းဆိုပြီး ၁၁ ရာခိုင်နှုန်းကျော်သောလူတို့သည် စက်သုံးဆီ မကြာခဏ ပြတ်လပ်မှုဖြစ်နေကြောင်း ဖြေဆိုထားသည်။

    မွန်ဒေသခံများ၏စက်သုံးဆီအကြပ်အတည်းနှင့် ပတ်သတ်၍ လက်ရှိ စစ်ကော်မရှင်၏ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးပြောဆိုခြင်းမရှိဘဲ ကော်မတီဖွဲ့စည်းခြင်းကိစ္စများကိုသာ လုပ်ဆောင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks